Advertising
English News

အထက်နန်းရာ ဇယမင်္ဂလာအောင်တော်မူစေတီ ရွှေထီးတော်တင်ပွဲအောင်မြင်စွာကျင်းပပြီးစီး

နိရဉ္စရာ၊ မေ ၁၄

32332384_1922644607747607_3619004563903741952_n

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယူကမ်း စေတီပြင်တိုက်နယ် အထက်နန်းရာ မျှော်တော်ဦး တောင်ပေါ်တွင် တည်ထားကိုးကွယ်သည့် အောင်တော်မူစေတီ ထီးတော်တင်ပွဲကို မေလ ၁၁ ရက်နေ့က အောင်မြင်စွာ ကျင်းပ ပြီးစီးသွားခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

စေတီတော်ထီးတော်တင်ပွဲ အခမ်းအနားကို မေ ၁၁ ရက် နံနက် ၆ နာရီ မိနစ် ၃၀ တွင် ပြုလုပ်ရာ ပြည်တွင်း ပြည်ပ ကမ္ဘာသာသနာပြု အလိုတော်ပြည့် ဆရာတော်ကြီးနှင့် အတူတကွ ဒေသအတွင်းမှ ဆရာတော်ကြီး ၄၅ ပါး၊ လူထု ပရိသတ်များမှ နမောတဿ သုံးကြိမ် ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ထီးတော်ကို နံနက် ၉ နာရီ အချိန် တိတိတွင် ရွှေယာဉ်တော်ဖြင့် တင်ခဲ့ရာ ဒေသခံ ပြည်သူ ထောင်နှင့်ချီပြီးပါဝင်ကာ ကြိုးဖြင့်ဆွဲ၍ စေတီတော်ပေါ်သို့ ပို့ဆောင်ပေးခဲ့သည်။

32545706_1922640727747995_8078981956500455424_n

၎င်းစေတီတော်အား အလှူဒါယကာ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်နှင့် ဒေါ်မိမိခိုင်မိသားစုမှ ကျပ်သိန်း (၁၀၀) ဖြင့် မတည်ကာ မေယူကမ်းဒေသ ပြည်သူများ၏ ထည့်ဝင်ငွေဖြင့် တည်ထားခဲ့ခြင်း ဖြစ်ပြီး ကျပ်ငွေ သိန်းပေါင်း(၃၀၀) ကျော် ကုန်ကျကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က “ ဒီအောင်တော်မူ စေတီကို ဒီနေရာမှာ တည်ထားရတာက အထက်နန်းရာဆိုတာက သမိုင်းဝင် နေရာ တစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ ခုလို စေတီတော် တစ်ဆူ တည်ထားခြင်းအားဖြင့် အမျိုးဘာသာ သာသနာ အတွက် နောင်ကာလမှာ အကျိုးဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့ အတွက် ကျွန်တော်တို့ မိသားစုနဲ့ ဒေသခံ ပြည်သူတွေ ပူးပေါင်းပြီး တည်ထားကိုးကွယ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုစေတီတော် တည်ထားကိုးကွယ်ရာ နေရာမျာ အထက်နန်းရာ ချောင်းဝ မျှော်တော်ဦးတောင်ထိပ်တွင် ဖြစ်ပြီး ၎င်းနေရာသည် ရခိုင်သမိုင်းတွင် အရေးပါသော နေရာ ဒေသ တစ်ခု ဖြစ်ကြောင်း အခမ်းအနားမှူးက အခမ်းအနားတွင် ဖတ်ကြားကြေညာသည်။

32411157_1922640454414689_8154959309491404800_n

“ ဒီမေယူဒေသမှာ အောက်နန်းရာ၊ အထက်နန်းရာ ဆိုပြီး သမိုင်း ၀င်နေရာ ၂ ခုရှိပါတယ်။ မင်းဗာ ဘုရင် ဘင်္ဂလာကို စစ်ချီစဉ်က ဒီနေရာ အထက်နန်းရာမှာ မိဖုရားနဲ့ မောင်းမမိသန်တွေကို ယာယီနန်းတွေ ဆောက်ပြီး ထားခဲ့တယ်လို့ သိရပါတယ်။ မိဖုရားနဲ့ မောင်းမမိသန်တွေဟာ ဘုရင်မင်းဗာ အောင်ပွဲနှင့်အတူ ပြန်အလာကို ဒီတောင်ပေါ်က မျှော်ခဲ့ကြတဲ့ အတွက် မျှော်တော်ဦးတောင်လို့ ခေါ်တွင်ပါတယ်။ ဒီလို သမိုင်းအရ အရေးပါတဲ့ အတွက် ဒီအောင်တော်မူ စေတီကို ဒီနေရာမှာ အခွင့်သာတုန်း တည်ထားရတာ ဖြစ်ပါတယ်” ဟု အခမ်းအနားမှူး ဦးမဏိသာရက ပြောဆိုသည်။

စေတီတော်၏ ဥာဏ်တော်အမြင့်မှာ ၂၇ ပေရှိပြီး လက်ရှိ ခေတ်လက်ရာအတိုင်း တည်ထားခြင်း ဖြစ်ကြောင်း သိရသည်။