Advertising
English News

အနန္ဒစန္ဒြကျောက်စာတွင် ရခိုင်နှင့်သီရိလင်္ကာမှသံဃာတော်တို့ဖြင့် စတုတ္ထသင်္ဂါယနာတင်ခဲ့သည့် အထောက်အထားတွေ့ရှိရဟုဆို

IMG20181129134739 copy

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ နိုဝင်ဘာ ၂၉

အနန္ဒစန္ဒြကျောက်စာတွင် ဝေသာလီခေတ်က ရခိုင်ပြည်တွင်းမှ သံဃာအပါး ၁၀၀၀နှင့် သီရိလင်္ကာ (သီဟိုဋ္ဌ်)မှ သံဃာအပါး ၁၀၀၀ ကို ပင့်ဖိတ်ပြီး စတုတ္ထသင်္ဂါယနာ တင်ခဲ့သည့် အထောက်အထားသစ်များ တွေ့ရှိရသည်ဟု သမိုင်းသုတေသီ မောင်ဖြူ (ကြွီတဲကျွန်း) က ပြောသည်။

ရခိုင်ပြည်နယ်စစ်တွေမြို့ ခရိုင်ပြန်ဆက်ရုံး၌ ယနေ့ (နိုဝင်ဘာ ၂၉ ရက်) မွန်းလွဲပိုင်းက ဝေသာလီခေတ် ကျောက်စာများ လေ့လာမှု စာတမ်းနှင့် ရခိုင်သက္ကရာဇ်နှင့် ပျူသက္ကရာဇ် လေ့လာမှု စာတမ်းဖတ်ပွဲကို ပြုလုပ်စဉ် သူက ထိုသို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

“ အနန္ဒစန္ဒြကျောက်စာအကြောင်းကို ပြောကြရင် အလှူတွေလောက်ကိုပဲ ပြောကြတယ်။ သင်္ဂါယနာ တင်ခဲ့တဲ့ အကြောင်းတွေ မပါခဲ့ဘူး။ ဝေသာလီခေတ်ကဆိုရင် ရခိုင်ပြည်တွင်းက သံဃာ အပါး ၁၀၀၀ နဲ့ သီဟိုဋ္ဌ်က သံဃာ အပါး ၁၀၀၀ ကို ပင့်ဖိတ်ပြီးတော့ ကြေးပြား ၅၀၀၀ ချပ်မှာ ရေးထိုးပြီး စတုတ္ထသင်္ဂါယနာ တင်ခဲ့တယ်”ဟု သမိုင်းသုတေသီ မောင်ဖြူ (ကြွီတဲကျွန်း) က ပြောသည်။

အဆိုပါ တွေ့ရှိချက်မှာ ဝေသာလီခေတ် ကျောက်စာများထဲမှ အနန္ဒစန္ဒြကျောက်စာတွင် ဒေါက်တာ ဂျွန်စတင်နှင့် ဆရာကြီး ဦးစံသာအောင်တို့ ဖတ်ကြားခဲ့သည့် စာတမ်းများတွင် ပါဝင်မှုမရှိခဲ့သော အသစ်တွေ့ရှိချက်များဟု ၎င်းက ပြောသည်။

“ ဒီသင်္ဂါယနာမူဟာ သီဟိုဋ္ဌ်တွင် တင်ခဲ့တဲ့ သင်္ဂါယနာမူနဲ့ ကွဲလွဲမှုလုံးဝမရှိဘဲ ထပ်တူကျပါတယ်” ဟု သမိုင်းသုတေသီ မောင်ဖြူ (ကြွီတဲကျွန်း) က ဆိုသည်။

စာတမ်းဖတ်ပွဲတွင် စာတမ်းပြုစုသူ သမိုင်းသုတေသီ မောင်ဖြူ (ကြွီတဲကျွန်း)မှ ဝေသာလီခေတ် ကျောက်စာများ လေ့လာမှု စာတမ်းကို ကလည်းကောင်း၊ စာရေးဆရာ ဌေးဝေမှ ရခိုင်သက္ကရာဇ်နှင့် ပျူသက္ကရာဇ် လေ့လာမှု စာတမ်းကို စာတမ်းပြုစုသူ ကလည်းကောင်း ဖတ်ကြားခဲ့ကြသည်။

IMG20181129132858 copy

ဆရာဌေးဝေက “သရေခေတ္တရာမှာတွေ့တဲ့ ဟာရိဝိကျမမင်းကြီးပေါ့၊ ဒီမင်းကြီးရဲ့ ကျောက်အရိုးကြီးပေါ်မှာ ပျူနှစ် ၄၁ တို့သွားတွေ့တာပေါ့လေ။ သျှစ်သောင်းဘရားမှာရှိတဲ့ အနန္ဒစန္ဒြကျောက်စာရဲ့ အနောက်ဘက် မျက်နှာမှာ ဆရာမောင်ဖြူတို့က ကျောက်စာကို ဖတ်ကြည့်တဲ့အခါမှာ သက္ကရာဇ် ၁၁ ခုနှစ်ဆိုတဲ့ဟာကို သွားတွေ့တယ်” ဟု ပြောသည်။

ရခိုင်သက္ကရာဇ်နှင့် ပျူသက္ကရာဇ် လေ့လာမှု စာတမ်းကို ပြုစုသူ စာရေးဆရာ ဌေးဝေသည် ပျူမြို့ပြ ယဉ်ကျေးမှုသမိုင်း စာအုပ်ကို ရေးသားခဲ့သည်ဟု သိရသည်။

ကျောက်စာများတွင် ခုနှစ်သက္ကရာဇ်ပါဖို့ခက်ခဲကြောင်း၊ အနန္ဒစန္ဒြကျောက်စာတွင် သက္ကရာဇ် အတိအကျ ပါရှိသည့်အတွက် ရခိုင်သမိုင်းနှင့် မြန်မာ့သမိုင်းအတွက်သာမက ကမ္ဘာ့သမိုင်းအတွက်ပါ တန်ဖိုးရှိသည့် အတွက် အနန္ဒစန္ဒြကျောက်စာကို လေ့လာကြရန် တိုက်တွန်းလိုသည်ဟု ဆရာဌေးဝေက ပြောသည်။

စာတမ်းဖတ်ပွဲကို ရခိုင်ပြည်နယ်အခြေစိုက် စစ်တွေမြို့နယ်စာရေးဆရာအသင်းနှင့် ရန်ကုန်အခြေစိုက် အယနာစာပေအဖွဲ့တို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

“ဝေသာလီခေတ်ကျောက်စာတွေရဲ့ အသစ်တွေ့ရှိချက်တွေကို ရခိုင်ပြည်သူတွေနဲ့ ပညာရှင်တွေ သိရှိစေလိုတဲ့အတွက် ဒီစာတမ်းဖတ်ပွဲကို ပြုလုပ်ရတာဖြစ်ပါတယ်”ဟု စစ်တွေမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဓညကျော်ဝင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အခမ်းအနားသို့ သမိုင်းသုတေသီ အရှင်ပညာစာရနှင့် သံဃာတော်များ၊ ရခိုင်သမိုင်းသုတေသီများ ဖြစ်ကြသည့် ဆရာကြီး ဦးမောင်ဗသိန်းနှင့် ဦးအောင်လှသိန်းအပါအ၀င် စိတ်ပါဝင်စားသူ ၄၀ ခန့် တက်ရောက်ခဲ့ကြသည်။