Advertising
English News

အဖရခိုင်ပါတီအမည်ဖြင့် ပါတီထူထောင်ခွင့်မပြု

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၁

40579554_2080724121939654_5614337569513799680_n

ပါတီတည်ထောင်ရန် လျှောက်ထားသော အဖရခိုင်ပါတီ ( Arakan Fatherland Party) အား ယင်းအမည်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီထူထောင်ခွင့် မပြုကြောင်း သတင်းရရှိသည်။

အဖရခိုင်ပါတီ ထူထောင်ခွင့်လျှောက်ထားမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူ တစ်ချို့အား သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ခေါ်ယူပြီး ခွင့်မပြုနိုင်ကြောင်း ပြောကြား လိုက်ခြင်းဖြစ်သည်။

“ကော်မရှင်ဥက္ကဋ္ဌက အမိအဖနာမည်တွေကို တစ်ယောက်မှ မပေးနိုင်ဘူးလို့ပြောပါတယ်။ နောက်တစ်ယောက်ကဆိုရင် အဖလို့ သုံးတာဟာ နိုင်ငံတွေမှာမှ သုံးတာ၊ အဲလိုပုံစံမျိုး သုံးကြတာလို့ ပြောပါတယ် ” ဟု ပါတီထူထောင်ခွင့် လျှောက်ထားခဲ့သူ တစ်ဦးဖြစ်သူ ဦးစိုးဝင်းက ပြောသည်။

သို့အတွက် အဖရခိုင်ပါတီအမည်ဖြင့် လျှောက်ထားသူများအနေဖြင့် ပါတီအမည်နောက်တစ်ခုကို ရွေးချယ်ရန် သင့်/မသင့်ကို တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦး၊ ဒေါက်တာအေးမောင်၏သားကြီးဖြစ်သူ ဦးတင်မောင်ဝင်းနှင့် ရခိုင်နိုင်ငံရေးသမား တစ်ချို့မှ ဦးဆောင်ကာ အဖရခိုင်ပါတီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက ပါတီထောင်ခွင့်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပါတီအမည် ကိစ္စနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် စစ်တွေမြို့နယ် ပြည်နယ် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးအား စက်တင်ဘာ ၁ ရက်နေ့ ညနေ သုံးနာရီခန့်က နိရဉ္စရာ သတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေဆိုခြင်းမရှိပါ။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် တစ်နေရာအတွက် အဆိုပါ ပါတီမှ ဒေါက်တာအေးမောင်၏သားကြီးဖြစ်သူ ဦးတင်မောင်ဝင်းမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။