English News

အမျိုးသားရေးကိုနိုင်နိုင်အသုဘ လူပေါင်းထောင်ချီ၍ လိုက်ပါပို့ဆောင်

နိရဉ္စရာ၊ နိုဝင်ဘာ ၁၀

23376377_1728232810522122_2349775902725183492_n

ရခိုင်အမျိုးသားရေးကို တစိုက်မတ်မတ် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့သူ အမျိုးသားရေး ကိုနိုင်နိုင်၏ နောက်ဆုံးခရီးကို စစ်တွေတွင် လူပေါင်းထောင်နှင့်ချီ၍ လိုက်ပါပို့ဆောင်ခဲ့သည်ဟု သတင်းရရှိသည်။

ကိုနိုင်နိုင်သည် အသဲကင်ဆာရောဂါကို တာရှည်ခံစားရပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၅၀ တွင် သူနေထိုင်ရာ ရွာကြီးမြောက်၊ ဟင်္သာကန်အနီးရှိ မိတ်ဆွေတစ်ဦး၏ နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။

“ ကိုနိုင်နိုင်ဟာ ရခိုင်အမျိုးသားရေးအတွက် အသွေးအရောင်မရှိ၊ ကိုယ်ကျိုးစွန့် လုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်တယ်။ သူဟာဆရာတော် ဦးဥတ္တမရဲ့ လမ်းစဉ်ကို ယုံကြည်သူ ဖြစ်တယ်။ ဆရာကြီး ဦးသာထွန်းကို လေးစားကြည်ညိုသူ ဖြစ်တယ်။ သူဟာ အမျိုးသားရေး တစ်ခုတည်းကိုဘဲ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ ဖြစ်တဲ့ အတွက် သူသေဆုံးသွားတဲ့ အပေါ် ယူကြုံးမရ ဖြစ်မိတယ်။ အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှုလို့ ပြောချင်ပါတယ်” ဟု အသုဘ အခမ်းအနားကို တက်ရောက်ခဲ့သည့် ကိုခိုင်ဆန်းအောင်က ပြောကြားသည်။

ကိုနိုင်နိုင်သည် စစ်တွေမြို့မှ နာမည်ကြီး နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် ဦးမောင်ကြီးစိန် (ကွယ်လွန်) ၏ သားဖြစ်ပြီး သူကွယ်လွန်ချိန်တွင် အသက် (၅၂) နှစ်ရှိပြီဟု သိရသည်။

စစ်အစိုးရခေတ်တွင် ဘင်္ဂလာဒေ့ရှ်သို့ ခိုလှုံခဲ့ပြီး မြန်မာ ဒီမိုကရေစီအရေးနှင့် ရခိုင်အမျိုးသားရေးတို့အတွက် ရှေ့ဆုံးက မားမားမတ်မတ်ရပ်တည် တိုက်ပွဲဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ဘင်္ဂလာဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ်က ပြန်လည်ဝင်ရောက်လာခဲ့ပြီး အမျိုးသားရေး လုပ်ငန်းများ၊ အများနှင့်ဆိုင်သည့် လူမှုရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ ကျောင်းသား ကျောင်းသူများအား အကတိုက်ပြီး နေပြည်တော်သို့ ခေါ်ယူမှုကြောင့် ပညာရေးထိခိုက်သည်ဟုဆိုကာ စာရေးသားမှုကြောင့်၂၀၁၄ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီး စစ်တွေထောင်ထဲတွင် ထောင် (၃) လမှတ်ချမှတ်ခဲ့ရကြောင်း သိရသည်။

ရခိုင်အလင်းတံခါးအဖွဲ့ ခေါင်းဆောင် ဒေါ်ကျော့စိန်က “ ကိုနိုင်နိုင်ဆုံးသွားတဲ့ အပေါ် ကိုယ်ရဲ့ ဆွေမျိုးတစ်ဦးဆုံးသွားတာထက် ပိုခံစားရပါတယ်။ သူဟာ ဘာကိုယ်ကျိုးမှ မရှိဘဲ ရခိုင်အမျိုးသားတွေအတွက် အနစ်နာခံ လုပ်ဆောင်ခဲ့တဲ့သူ ဖြစ်တဲ့ အတွက် သူဆုံးသွားတဲ့ အပေါ်မှာ အတိုင်းမသိ ခံစားမိပါတယ်” ဟု ပြောကြားသည်။

ကိုနိုင်နိုင်အသုဘအား စစ်တွေမြို့ထဲမှ အာကျိတ်တောင်ကုန်းသို့ ယူဆောင်လာရာ လူပေါင်း ထောင်နှင့်ချီ၍ လိုက်ပါ ပို့ဆောင်ခဲ့ပြီး အဖွဲ့အစည်းအသီးသီးမှ ပန်းခွေများချကာ သူ၏ နောက်ဆုံးခရီးအား ဂုဏ်ပြုခဲ့ကြသည်ဟု သိရှိရသည်။

(ဓာတ်ပုံ- Kyaw Gyi)