English News

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးအေးသာအောင် မောင်တောဒေသသို့သွားရောက်

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၁၂

21731131_1642706059074798_686290017717629525_n

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအေးသာအောင်သည် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် မောင်တော-ဘူးသီးတောင် ဒေသများသို့သွားရောက်ပြီး အကြမ်းဖက်ခံခဲ့ရသည့် ရခိုင်ပြည်သူများအား ငွေကြေးနှင့် စားနပ် ရိက္ခာများ ထောက်ပံ့နေကြောင်း သတင်းရရှိသည်။

ဦးအေးသာအောင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ စက်တင်ဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် လေကြောင်း ခရီးဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး စစ်တွေမှတဆင့် မောင်တောနှင့် ဘူးသီးတောင် ဒေသသို့ သွားရောက်နေခြင်း ဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက “အဓိကတော့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက လက်ခံထားတဲ့ အလှူအတန်းတွေပါလာတယ်။ အဲဒါတွေကို မောင်တောနဲ့ ဘူးသီးတောင်ဒေသသို့သွားပြီး ထောက်ပံ့ပေးနေတာ။ နောက်တစ်ခါ ဒေသခံတွေကိုလည်း အားပေးစကားပြောတယ်။ မောင်တောမှာ သွားလို့ရတဲ့နေရာတွေကို လုံခြုံရေးတွေနဲ့ သွားကြည့်မယ်လို့ဆိုပါတယ်”ဟု ဝန်ကြီး ဦးအောင်ကျော်ဇံ က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဦးအေးသာအောင်အား နိရဉ္စရာက ဆက်သွယ်ရာ သူ၏ကိုယ်ရေးအရာရှိဆိုသူက “ဒီကိစ္စနဲ့ပတ်သက်ပြီး လောလောဆယ်မပြောနိုင်သေးပါဘူး။ လမ်းကြောင်းပေါ်မှာပဲရှိနေသေးလို့ပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဦးအေးသာအောင်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက လှူဒါန်းလိုက်သည့် ငွေကြေးများအပါအဝင် ဆန်အိတ်များနှင့် တခြား စားနပ်ရိက္ခာများကို သွားရောက် ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်းလည်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ဓာတ်ပုံ – စစ်တွေလေဆိပ်သို့ရောက်ရှိလာသည့် ဦးအေးသာအောင်အား တွေ့ရစဉ်။ Photo by – နောင်ခိုင်အောင်