Advertising
English News

အယ်ဒီတာ့ အာဘော်

Editorial

ရခိုင်တစ်မျိုးသားလုံးက ၂၁ ရာစု ပင်လုံညီ ငြိမ်းချမ်းရေး ညီလာခံတွင် ရက္ခိုင့်တပ်တော် (AA) တက်ရောက်ခွင့် ရရှိလိမ့်မည်ဟု ယုံကြည်မျှော်လင့်ထားကြသည်။ ယခုကဲ့သို့ ယုံကြည် မျှော်လင့် ထားကြခြင်းမှာ ရက္ခိုင့်တပ်မတော် (AA) တက်ရောက်ပါမှ အစိုးရနှင့် ငြိမ်းချမ်းရေး စကားပြောနိုင်မည်။ ငြိမ်းချမ်းရေးစကားပြောဖြစ်မှသာလျှင် တစ်ဘက်နှင့် တစ်ဘက် ပြေလည်မှုရရှိမည်။ ပြေလည်မှု ရရှိပါမှ  ယနေ့ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကို ရပ်တန့်နိုင်မည် ဖြစ်သည်။  ရခိုင်လူထုသည် စစ်ပွဲများကို မလို။  ဗုံးသံ၊ အမြှောက်သံ၊ သေနတ်သံများကို မကြားလို၊ ရခိုင်ပြည်နယ် အတွင်း လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲများကို အမြန်ဆုံး ရပ်တန့် ရန်ကိုသာ အထူးလိုလားနေကြသည်။ ထိုသို့ လိုလားကြောင်းကိုလည်း ရခိုင်ပြည်နယ်ရှိ မြို့အသီးသီးတွင် စစ်ပွဲများရပ်ရန် ဆန္ဒဖော်ထုတ် တောင်းဆို သက်သေပြခဲ့ကြပြီး ဖြစ်သည်။

သို့သော် လက်ရှိ ညီလာခံကျင်းပရေးနှင့် ဆက်စပ် အဖွဲ့များတွင် ထဲထဲဝင်ဝင် ပါဝင်နေကြသည့်  ရခိုင်နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့များသည် ရခိုင်ပြည်သူလူထု လိုလားချက် ဆန္ဒကို ရောင်ပြန်ဟပ်စေသည့် အပြုအမူ လုပ်ကိုင်ဆောင်ရွက်မူမျိုး တစ်စုံတစ်ရာ ပြုလုပ် ဆောင်ရွက်ခဲ့သည်ကို မတွေ့ရှိခဲ့ရပေ။ မည်သည့် ရခိုင်ပါတီ အဖွဲ့အစည်း၊ ရခိုင် ခေါင်းဆောင်များမှ ရက္ခိုင့်တပ်မတော်အား ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ခွင့်ရရှိရေးကို ညီလာခံ ကျင်ပရေး ကော်မတီသို့ တရားဝင် လူသိရှင်ကြား တောင်းဆိုသံကို မကြားရ။ အမှန်ဖြစ်သင့် သည်မှာ ရက္ခိုင်တပ်မတော် ၂၁ရာစု ပင်လုံညီလာခံသို့ တက်ရောက်ခွင့်ရရန် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့များက အင်တိုက်အားတိုက်  တောင်းဆို သင့်သည်။  တောင်းဆို၍ မရလျှင် အကျပ်ကိုင်သင့်သည်။ ရက္ခိုင့်တပ်မတော် အေအေကို မဖိတ်လျှင် ရခိုင်အမျိုးသားများအနေဖြင့် ၎င်းညီလာခံသို့ မတတ်ရောက်နိုင်သည် အထိ ထုတ်ဖော် တောင်းဆို သင့်သည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်လူထု လိုလားနေသော ရခိုင်ပြည် ငြိမ်းချမ်းရေး အတွက် ဖြစ်သည်။

လက်ရှိ အခြေအနေတွင် ရက္ခိုင့်တပ်မတော် အေအေကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ ရခိုင်ပြည်နယ်တွင် လက်ရှိ အစိုးရ စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ရက္ခိုင့်တပ်မတော် အေအေနှင့် သာ ဖြစ်သည်။ အေအေနှင့် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ရခိုင်ပြည်သူများ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်။  ကျီးလန့်စာစားဖြစ်နေကြရသည်။ အလုပ်ပျက် အကိုင်ပျက်၊ စီးပွားပျက် ဖြစ်နေကြရသည်။ ထိုဖြစ်ပွားနေသော စစ်ပွဲများကို ရပ်တန့်ရန်မှာ အေအေ မပါလျှင်  မဖြစ်နိုင်ပေ။ ဤသည်မှာ လက်ရှိ မြေပြင် အနေအထားအရ ဓမ္မဓိဌာန်ကျကျ သုံးသပ် ပြောဆိုခြင်း ဖြစ်သည်။

ယခုတော့ ရခိုင်ခေါင်းဆောင်များ လုပ်ရမည့် အလုပ်ကို ရှမ်းခေါင်းဆောင် ခွန်ထွန်းဦးက ရဲရင့်ပြတ်သားစွာ ဆောင်ရွက်လိုက်ပြီ ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခွင့် မရှိလျှင် သူအနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်  ဆွေးနွေးနိုင်မည် မဟုတ်တော့သလို လက်မှတ်လည်း ရေးထိုးမှုလည်း  မလုပ်နိုင်ဟုဆိုသည်။ ရခိုင် AA၊ ကိုးကန့် MNDAA နှင့် တအာင်း TNLA  အစရှိသည့် အဖွဲ့အစည်း ၃ ခု ကျန်ခဲ့ခြင်းမှာ All Inclusive အားလုံး ပါဝင်ရေးဆိုသော နဂို ပြောထားသည့်  မူကို ထိခိုက်သဖြင့် ညီလာခံကို တက်ရောက်ဖို့ မဖြစ်နိုင်ဟု ထုတ်ဖော်ပြောဆိုသည်။

ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၏ ဆုံးဖြတ်ချက်ကို ကြိုဆိုသည်။  ဦးခွန်ထွန်းဦးသည် မူအရ၊ ဘောင်အရ ပြောဆိုဆောင်ရွက် လုပ်ကိုင်ခြင်းဖြစ်သည်။ လက်ရှိ အမှန်တကယ် တိုက်ပွဲ ဖြစ်ပွားနေသော လက်နက်ကိုင် တပ်ဖွဲ့များ အားလုံး မပါဝင်လျှင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (သို့မဟုတ်) ၂၁ ရာစု ပင်လုံ ညီလာခံသည် အနှစ်သာရ ပြည့်ဝသော ညီလာခံ မဖြစ်နိုင်ပေ။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပပြီး အဖြေရှာရန် ကြိုးပမ်း အားထုတ်မှု အပေါ် ကြိုဆိုပါသည်။ သို့သော် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး မပါဝင်လျှင်တော့  ထိုညီလာခံသည် တစိတ်တဒေသ ငြိမ်းချမ်းရေးသာ ဖြစ်နိုင်ပြီး အားလုံးကို လွှမ်းခြုံသော တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးမျိုးတော့ လုံးဝ မဖြစ်နိုင်ပေ။ အလားတူ ရခိုင်ပြည်သူများ လိုလားနေသော ငြိမ်းချမ်းရေးလည်း ဖြစ်မလာနိုင်ပေ။