Advertising
English News

အိန္ဒိယအာသံပြည်နယ်တွင် လူပေါင်း ၄ သန်းကျော် နိုင်ငံသားစာရင်းမှ ပယ်ထုတ်ခံရ၍ ကြောက်ရွံ့ စိုးရိမ်မှုများ ဖြစ်ပေါ်နေ

နိရဉ္စရာ၊ ဇူလိုင် ၃၀

38052270_2027294117282655_4149452296477999104_n

ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ်တည်ရှိသည့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် လူပေါင်း ၄ သန်းကျော်သည် နိုင်ငံသားစာရင်း(မူကြမ်း)ထဲမှ ပယ်ထုတ်ခံရသဖြင့် စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်နေသည်ဟု ရိုက်တာက သတင်းဖော်ပြသည်။

၎င်းတို့အား ယခုကဲ့သို့ ပယ်ထုတ်ထားခြင်းမှာ ခိုင်လုံသည့် အထောက်အထား စာရွက် စာတန်းများကို မပြနိုင်၍ ဖြစ်ကြောင်း၊ ထိုသို့ ဖယ်ထုတ်ခံရသဖြင့် သူတို့၏ အနာဂတ် အတွက် စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

ယခုအခါ ဘင်္ဂလာဒေ့ရှ်နှင့် နယ်စပ်ချင်းကပ်နေသည့် အာသံပြည်နယ် တစ်ခုလုံးတွင် လုံခြုံရေးကို တင်းကျပ်ထားပြီး နိုင်ငံသားစာရင်းမှ ပယ်ထုတ်ခံထားရသူ ဘင်္ဂလီစကားပြော မူဆလင်များမှာ အိန္ဒိယနိုင်ငံ အတွင်းမှ နှင်ထုတ်ခံရမည်ကိုသော်လည်းကောင်း (သို့မဟုတ်) ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ခံရမည်ကိုသော်လည်းကောင်း စိုးရိမ်ကြောက်ရွံ့နေကြသည်ဟု ရိုက်တာတွင် သတင်းက ဆိုသည်။

လဖက်ထုတ်လုပ်မှုဖြင့် ချမ်းသာကြွယ်ဝသည့် အာသံပြည်နယ်သည် လူမှုရေးမတည်ငြိမ်မှုများနှင့် လူမျိုးရေး မတူသူများအကြား တရားမ၀င် ၀င်ရောက်နေထိုင်သူများကို ဆန့်ကျင်သည့် လှုပ်ရှားမှုနှင့် အတူ ပဋိပက္ခဖြစ်ပွားရာ ဗဟိုချက်ချာ နေရာတစ်ခုဖြစ်သည်။ ၎င်းကို လက်ရှိ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီး ဦးဆောင်သည့် ဟိန္ဒူ အမျိုးသားရေးအစိုးရမှ ထောက်ခံ အားပေးထားသည်ဟု ဆိုသည်။

၁၉၈၃ ခုနှစ်တွင် ဓားကိုင် လူအုပ်များမှ မူဆလင် အခြေချ နေထိုင်သူများကို လိုက်လံ မောင်းထုတ်ရာတွင် လူပေါင်းများစွာမှာ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်ဟုလည်း သတင်း၌ ရေးသားထားသည်။

သို့သော် ယခု နိုင်ငံသားစာရင်း မူကြမ်းစာရင်းမှ ဖယ်ထုတ်ခံရသူများကို နှင်ထုတ်ရန် အတွက် ရည်ရွယ်ခြင်း မဟုတ်ကြောင်း၊ စာရင်းတွင် မပါဝင်သူများ အနေဖြင့် နိုင်ငံသား ပြန်လည် လျှောက်ထားရန် အခွင့်အရေးရှိကြောင်း အိန္ဒိယ အစိုးရ တာဝန်ရှိသူများမှ ပြောသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထောင်ပေါင်းများစွာသော လူများသည် ၁၉၇၀ ခုနှစ် အစောပိုင်း ၀န်းကျင်က ပါကိစ္စတန်တို့အား တော်လှန်သည့် ဘင်္ဂလာဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။ ထိုအထဲမှ အများစုသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် ကီလိုမီတာ ၂၇၀ (မိုင်အားဖြင့် ၁၆၅မိုင်) ထိစပ်နေသည့် အာသံပြည်နယ်တွင် အခြေချနေထိုင်ခဲ့ကြသည်။

အာသံပြည်နယ်တွင် လူပေါင်း သန်း ၃၀ ကျော် နိုင်ငံသားအဖြစ် လျှောက်ထားရာတွင် လူပေါင်း ၄၀၀၇၇၀၇ (လေးသန်း ခုနှစ်ထောင်ခုနှစ်ရာ ခုနှစ်)ဦးကို နိုင်ငံသား စာရင်း (မူကြမ်း) မှ ဖယ်ထုတ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်မှာ အာသံပြည်နယ်တွင် နေထိုင်သူများ အနေဖြင့် ၁၉၇၁ ခုနှစ် မတ်လ ၂၄ ရက်နေ့မတိုင်မီ အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် နေထိုင်ကြောင်း ထုတ်ပေးထားသည့် သက်သေအထောက်အထား (သို့မဟုတ်) အိမ်ထောင်စုစာရင်းကို ပြသရန်လိုကြောင်း သတင်းတွင် ရေးသားထားသည်။

Ref: India sparks fear by excluding 4 million from citizens’ list in Assam