English News

အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ လူပေါင်း ၁၂၀၀ ကျော်ဝင်ရောက်ခိုလုံ

နိရဉ္စရာ၊ နိုဝင်ဘာ ၂၆

23905670_1744540818891321_9024696697172830543_n

အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသား ၁၂၀၀ ကျော် ၀င်ရောက်ခိုလုံလာသည်ဟု The India Express တွင် “ Over 12,00 Flee Myanmar’s Arakan to take refugee in Mizorma” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၂၅ ရက်နေ့က သတင်းဖော်ပြသည်။

ခိုလုံလာသူများသည် လွန်ခဲ့သည့် သောကြာနေ့က အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ် Lawngtlai ခရိုင်အတွင်းသို့ ၀င်ရောက်လာကြပြီး အများစုမှာ ဗုဒ္ဓနှင့် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပြီး သူတို့မှာ ဒေသအတွင်း အသုံးပြုသည့် စကားတစ်မျိုးတည်းကို ပြောကြားကြသည်ဟု ဆိုသည်။

သူတို့အနေဖြင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးလာရခြင်းမှာ မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တို့အကြားတိုက်ပွဲဖြစ်ပွဲများကြောင့် ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

နယ်စပ်အနီးရှိ Laitlang ရွာတွင် လူပေါင်း ၅၀၀ ၀င်ရောက်ခိုလုံနေပြီး Zochachhuah ရွာတွင် ၄၂၀၊ Hmawngbuchhuah ရွာတွင် ၂၀၀ နှင့် Dumzautlang ရွာတွင် ၁၂၀ ဦးတို့ကို လက်ခံထားရကြောင်း အမည်မဖော်လိုသူ အိန္ဒိယ အရာရှိ တစ်ဦးကို ကိုးကားပြီး သတင်းက ရေးသား ဖော်ပြထားသည်။

အများအပြားမှာ ၎င်းတို့၏ ဆွေမျိုးများ၏ နေအိမ်များတွင် တည်းခိုနေကြရပြီး ဆွေမျိုးမရှိသူများကို ကျေးရွာသားများက စာသင်ကျောင်းများနှင့် အများပြည်သူများ အသုံးပြုသည့် ဇရပ်များတွင် နေရာချပေးထားရသည်ဟုဆိုသည်။

ယခု ၀င်ရောက်လာမူသည် တိုတောင်းလှသည့် လပိုင်းအတွင်း လေးကြိမ်မြောက် အိန္ဒိယနိုင်ငံတွင်းသို့ မြန်မာဘက်မှ ဒုက္ခသည်များ ခိုလုံလာခြင်း ဖြစ်သည်ဟု သတင်းတွင် ရေးသားထားသည်။

ကျေးရွာခေါင်းဆောင်က အိန္ဒိယ အရာရှိများအား ပြောကြားသည်မှာ ထွက်ပြေးလာကြသည့် ရခိုင် ( Arakanese) များမှ လွန်ခဲ့သည့် ကြာသပတေးနေ့ ညမှ စတင်ပြီး သေနတ်သံများ ဆက်တိုက်ကြားရသည်ဟု ပြောကြားပြီး နောက်ထပ် လူအများအပြားထွက်ပြေးလာရန် မျှော်လင့်ရသည်ဟု ပြောကြားသည်။

ထွက်ပြေးလာကြသည့် ရခိုင်လူမျိုးများအား ဒေသအတွင်းမှ စေတနာဝန်ထမ်းများမှ အစားအသောက်များနှင့် နေစရာများ ထောက်ပံ့ကူညီထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။