Advertising
English News

အမေရိကန်ပြည်ထောင်စု ဘာဖလိုမြို့တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားများ သင်္ကြန်ပွဲကျင်းပ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇူလိုင် ၃

36569485_1983151978363536_2486696711884374016_n

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘာဖလိုမြို့တွင် အမေရိကန်ရောက် မြန်မာနိုင်ငံမှ တိုင်းရင်းသားများစုပေါင်း၍ သင်္ကြန်ပွဲတော်ကို ဇွန်လ ၃၀ ရက်နေ့က စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် သင်္ကြန်ပွဲတော်ကို ဧပြီလတွင် ကျင်းပလေ့ရှိသော်လည်း အမေရိကန် ပြည်ထောင်စုတွင်မူ နွေရာသီဖြစ်သည့် ဇွန်လနှင့် ဇူလိုင်လတို့၌ ရုံးပိတ်ရက်ကို ရွေးချယ်၍ ကျင်းပကြသည်ဟု သိရသည်။

၎င်းသင်္ကြန်တွင် သင်္ကြန်အဖွင့်ကို ဗုဒ္ဓပူဇနိယအကဖြင့် ဖွင့်လှစ်ပြီး၊ မြန်မာသင်္ကြန်ယိမ်းကနှင့် ရခိုင်သီချင်းများဖြင့်လည်း သီဆိုဖျော်ဖြေခဲ့ကြပြီး၊ ရခိုင်ရိုးရာအတွက် လှေဖြင့်ရေကစားခြင်းကိုလည်း စီစဉ်ပေးခဲ့သည်ဟု သိရသည်။

“မြန်မာသင်္ကြန် အဓိပ္ပာယ် သက်ရောက်စေဖို့ရယ်၊ အမေရိကန်မှာ ရောက်ရှိနေကြတဲ့ မြန်မာမျိုးဆက်သစ်တွေအနေနဲ့ မိမိတို့ရဲ့ ရိုးရာသင်္ကြန်ကို သိရှိနိုင်စေဖို့အတွက် ပြုလုပ်ရတာဖြစ်ပါတယ်။ မြန်မာသင်္ကြန်ယိမ်းအကကိုတော့ မြန်မာပြည်က တိုင်းရင်းသားတွေသာမက အမေရိကန် နိုင်ငံသူတွေကလည်း ကပြခဲ့ကြပါတယ်”ဟု ဘာဖလိုမြို့တွင်နေထိုင်သူ ရခိုင်အမျိုးသား ဦးသိန်းအောင်ကျော်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သင်္ကြန်ပွဲတော်အတွင်း ရခိုင်မုန့်တီ၊ မုန့်ဟင်းခါး၊ လဘက်ထမင်းနှင့် မုန့်လုံးရေပေါ်များကိုလည်း ရောင်းချခဲ့သည်ဟု သိရသည်။

“အဓိကကတော့ မြန်မာရိုးရာသင်္ကြန်အကတွေက များပါတယ်။ နောက်အကတွေကတော့ ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယအကနဲ့ ကယားအကလောက်ပဲပါပါတယ်။ ကျန်တိုင်းရင်းသားအကတွေ မပါဝင်ပါဘူး”ဟု သင်္ကြန်ပွဲသို့ သွားရောက်ခဲ့သည့် ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပသည့် သင်္ကြန်ပွဲသို့ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေကြသော မြန်မာနိုင်ငံမှ တိုင်းရင်းသားများအပြင် ကနေဒါနိုင်ငံတွင် နေထိုင်နေကြသော မြန်မာပြည်မှ တိုင်းရင်းသားများလည်း လာရောက်ခဲ့ကြပြီး၊ စုစုပေါင်း လူ ၂၀၀၀ ခန့် လာရောက် အားပေးခဲ့ကြသည်ဟု သိရသည်။

ယခုလာမည့် ဇူလိုင်လ ၁၄-၁၅ ရက်နေ့များတွင်လည်း အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ်တွင် ရခိုင်ရိုးရာသင်္ကြန်ကို ကျင်းပသွားမည်ဖြစ်ပြီး၊ ရခိုင်ရိုးရာရေကစားခြင်းအပြင် ရခိုင်ရိုးရာကျင်၊ ဘောလုံးပွဲနှင့် ရခိုင်ရိုးရာအကများလည်း ပါဝင်မည်ဟု သိရှိရသည်။