English News

အမေရိကန်နိုင်ငံ ရခိုင်လူမှုအဖွဲ့အစည်းများမှ နယူးယောက် ကုလသမဂ္ဂရုံးရှေ့နှင့် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြမည်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉

27658016_1822067781138624_6554382063772289378_n

အမေရိကန်နိုင်ငံ ရခိုင်လူမှုအဖွဲ့အစည်းမှ ဦးဆောင်ပြီး လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် နယူးယောက် ကုလသမဂ္ဂရုံးရှေ့နှင့် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

“ အဓိကတော့ မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ဒေါက်တာ အေးမောင်အပါအ၀င် ရခိုင်လူထုခေါင်းဆောင်တွေကို မတရား ဖမ်းဆီးထားတဲ့ အပေါ် ကန့်ကွက် ရှုတ်ချတဲ့ အနေနဲ့ ဆန္ဒပြမှာ ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သည့် ကိုခိုင်ထွန်းမှ နိရဉ္စရာ သတင်းဌာနသို့ ဖုန်းဆက်ပြောဆိုသည်။

ထိုသို့ ဆန္ဒပြရာတွင် နယူးယောက် ကုလကမဂ္ဂရုံးရှေ့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ အမေရိကန် စံတော်ချိန် နံနက် ၁၁ နာရီမှ နေ့လယ် ၁၂ နာရီခွဲထိလည်းကောင်း၊ နယူးယောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မွန်းလွဲ ၂ နာရီမှ ၃ နာရီခွဲထိလည်းကောင်း ဆန္ဒပြသွားမည်ဟု သိရသည်။

“ ကျွန်တော်တို့က မြောက်ဦးမြို့ ဆန္ဒဖော်ထုတ်သူတွေကို သတ်ဖြတ်တဲ့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူပေးဖို့နဲ့ ရခိုင်ပြည်နယ် အစိုးရက တာဝန်ခံမှု တာဝန်ယူမှု ရှိစေဖို့ရယ်။ မတရားဖမ်းဆီးခံထားရတဲ့ ဒေါက်တာ အေးမောင်နဲ့စာရေးဆရာ ဝေဟင်အောင်တို့ကို ချွင်းချက်မရှိ ပြန်လွတ်ပေးဖို့ တို့ကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ကိုခိုင်ထွန်းက ဆက်လက် ပြောဆိုသည်။

၎င်းဆန္ဒပြပွဲသို့ အမေရိကန်ရောက် ရခိုင်အမျိုးသား အမျိုးသမီးများအားလုံးကို ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း သူက ပြောဆိုသည်။