Advertising
English News

အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားစစ်တွေတွင် ကျင်းပပြုလုပ်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇွန် ၂၄

35235759_1969268159751918_1883618290606014464_n

ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်သည့် (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ် အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက်က ပြုလုပ်ခဲ့သည်။

၎င်းယောဂနေ့ အခမ်းအနားတွင် အိန္ဒိယ ကောင်စစ်ဝန်ရုံးက ကြီးမှူးပြီး စစ်တွေ အိန္ဒိယ ဆိပ်ကမ်း၌ အိန္ဒိယလူမျိုး ယောဂဆရာမ မန်ချူးက အချိန် တစ်နာရီခန့် လေ့ကျင့် သင်ပြပေးခဲ့သည်။

“ယောဂဟာ စိတ်၊ ကိုယ်နဲ့ ၀ိဥာဏ်တွေကို လေ့ကျင့်ပေးတဲ့ ပညာရပ်ဖြစ်ပါတယ်။ ယောဂဟာ ကိုယ်နဲ့စိတ်ကို အသားကျစေပါတယ်။ ကိုယ်နဲ့စိတ် ကျန်းမာရေးအတွက်လည်း အကျိုး ရှိစေပါတယ်။ ယောဂလေ့ကျင့်လိုက်ရင် ကိုယ်လက်တွေကို သက်သောင့်သက်သာ ဖြစ်စေပြီးတော့ မှတ်ဥာဏ်ကိုလေ့ ပိုကောင်းစေပါတယ်”ဟု ယောဂဆရာမ မန်ချူးက ပြောသည်။

ယနေ့အခမ်းအနားတွင် ကျောင်းသူကျောင်းသားများကို တွေ့ဆုံပြီး လေ့ကျင့် သင်ကြားပေးရအမှု အပေါ် အထူးဝမ်းသာကြည်နူးပြီး ၊ နောက်ထပ်လည်း အခွင့်အခါ သင့်လျှင် လေ့ကျင့် သင်ပြပေးချင်သည်ဟု သူမက ဆိုသည်။

သူမအနေဖြင့် ယောဂလေ့ကျင့်ခန်းများကို ၃ တန်းအရွယ်မှ စတင်၍ လေ့ကျင့်သင်ယူလာခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှ စတင်ပြီး ယောဂဆရာမအဖြစ် သင်ပြလာခဲ့ပြီး၊ ကလေးငယ်များအတွက်ဆိုလျှင် မိနစ် ၃၀ မှ ၄၀ အထိ လည်းကောင်း၊ လူကြီးများအတွက် ၁ နာရီခန့်နှင့် လေ့ကျင့်နေကျ သူများအတွက်ဆိုလျှင် ၁ နာရီ ခွဲအထိ သင်ပြပေးလေ့ရှိသည်ဟု သိရသည်။

ယနေ့ ယောဂလေ့ကျင့်ခန်းတွင် ပါဝင်လေ့ကျင့်ခဲ့သူ ရွှေပျိုးခင်းကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက လေ့ကျင့်ပြီးနောက် ခန္ဓာကိုယ်ပေါ့ပါးလာသည်ဟု ဆိုသည်။

 

“အခုကိုယ်တိုင်က ပေါ့ပေါ့ပါးပါးနဲ့ သိပ်နေကောင်းပါတယ်။ ဒီအကြိမ်က ကျနော် ပူးပေါင်းပါဝင် လေ့ကျင့်တာ တတိယအကြိမ်မြောက်ပါ။ မနှစ်ကတော့ ဟိန္ဒူမြန်မာ ကပြား နည်းပြဆရာမက ပြပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးဟာ ဆက်စပ်ပါတယ်။ တစ်နေကုန် စာအလုပ်နဲ့ ပင်ပန်းခဲ့တာတွေကို ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ပြီး ကိုယ်စိတ်ပြေလျော့အောင် လုပ်ဆောင် စေလိုပါတယ်”ဟု ရွှေပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာခင်မောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ရွှေပျိုးခင်းကျောင်းအုပ် ဆရာကြီးအနေဖြင့် ပွင့်လင်းရာသီ၌ ကျောင်းကာယအချိန်တွင် ကျောင်းရှေ့ကွင်းပြင်၌ ယောဂလေ့ကျင့်ခန်းများကို လေ့ကျင့်နိုင်အောင် စီစဉ်ပေးသွားမည်ဟု ဆိုသည်။

ရွှေပျိုးခင်းကိုယ်ပိုင် အထက်တန်းကျောင်းမှ ဆဌမတန်းကျောင်းသား မောင်လျှံဌေးကလည်း “ဒီနေ့ ပါဝင်လေ့ကျင့်ရတာ ပျော်ပါတယ်။ ကျနော်တို့ ကျောင်းမှာလည်း ယောဂလေ့ကျင့်ခန်းတွေကို သင်ပြပေးမယ်ဆိုရင် ပူးပေါင်းပါဝင်ချင်ပါတယ်။ အိမ်ကိုပြန်သွားရင်လည်း ဒီကနေ့ သင်ပေး လိုက်တာတွေကို ပြန်ပြီးတော့ လေ့ကျင့်သွားမှာပါ”ဟု ပြောသည်။

ယနေ့ ယောဂလေ့ကျင့်ခန်းတွင် အိန္ဒိယကောင်စစ်ဝန်ရုံးမှ အရာရှိများ၊ ရွှေပျိုးခင်း ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် ရွှေစေတီကျောင်းမှ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများ၊ အိန္ဒိယဆိပ်ကမ်းတွင် အလုပ်လုပ်နေသည့် အိန္ဒိယနိုင်ငံသားများနှင့် စစ်တွေမြို့တွင် နေထိုင်သည့် အိန္ဒိယ မျိုးနွယ်စုဝင် ဟိန္ဒူများအပါအ၀င် စုစုပေါင်း ၁၀၀ ခန့် ပါဝင်လေ့ကျင့်ခဲ့ကြသည်။