Advertising
English News

ဦးစိုင်းကျော်မိုး၏ နိုင်ငံခြားသားပါဝင်ပြီး ဖွဲ့စည်းမည့် ကော်မရှင် ကန့်ကွက်အဆို ရှုံးနိမ့်

နိရဉ္စရာ၊ ဇွန် ၁၁

35054389_1951342151544519_4526812022934863872_n

ရှမ်းပြည်နယ် မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး က နိုင်ငံတော် အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် အတွက် လွတ်လပ်သော ကော်မရှင် တစ်ရပ်ကို နိုင်ငံတကာမှ ပုဂ္ဂိုလ် တစ်ဦး အပါအ၀င် အဖွဲ့ဝင် သုံးဦးဖြင့် ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ UNSC ကိုယ်စားလှယ်အဖွဲ့၏ အကြံပြုချက်တွင် ပြည်ပအဖွဲ့ဖြင့် စစ်ဆေးခြင်းနှင့် ပြည်တွင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း၊ နည်းလမ်းနှစ်သွယ်ပါရှိရာ လွတ်လပ်သောနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစား ယုံကြည်သောအားဖြင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရေးကို ပြန်လည် စဉ်းစားဆုံးဖြတ်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဇွန် ၆ ရက်နေ့ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် တင်သွင်းခဲ့သည်။

၎င်းအဆိုနှင့် စပ်လျဉ်း၍ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က အဆိုကို ထောက်ခံပြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ယနေ့ ဇွန် ၁၁ ရက်နေ့ ၎င်းအဆိုအား ဆွေးနွေးရာတွင် ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစော၊ ဦးဘရှိန်၊ ဦးအောင်ကျော်ဇံ၊ ဒေါ်ခင်စောဝေ၊ ဦးအောင်သောင်းရွှေ တို့က တပ်မတော်သား ကိုယ်စားလှယ်၆ ဦးနှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ၃ ဦးတို့နှင့် အတူ ထောက်ခံ ဆွေးနွေးခဲ့ကြသည်ဟု မြေပုံမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

၎င်းအဆိုအား ကန့်ကွက်ဆွေးနွေးရာတွင် NLD မှ ၆ ဦးခန့်ရှိကြောင်း၊ ဦးစိုင်းကျော်မိုး အဆိုကို အတည်မပြုသင့်ကြောင့် ပြည်သူ့လွှတ်တော်သို့ လာရောက်ဆွေးနွေးသည့် ၀န်ကြီးမှာ ပြည်ထောင်စု အတိုင်ပင်ခံရုံးမှ ဒုဝန်ကြီး ဦးကျော်တင်ဖြစ်ကြောင်း ဦးဖေသန်းက ပြောသည်။

၎င်းအဆိုအား ယနေ့ ဇွန် ၁၁ ရက် ပြည်သူ့လွှတ်တော်တွင် မဲခွဲခဲ့ရာ မဲပေးခွင့်ရှိသူ ၃၉၉ ဦးတွင် ထောက်ခံမဲ ၁၃၈ ဦး၊ ကန့်ကွက်မဲ ၂၅၁ ဦး၊ ကြားနေမဲ ၃ ဦးဖြင့် ဦးစိုင်းကျော်မိုး အဆို ရှုံးနိမ့်ခဲ့သည်။