Advertising
English News

ကျောက်တော်မြို့နယ် ပီကောက်ဝ မူလတန်းကျောင်း(ခွဲ) ကျောင်းအင်္ဂါရပ်နှင့် မညီဖြစ်နေ

နိရဉ္စရာ၊ ဇူလှိုင် ၂

36536861_1981212238557510_3263272720791502848_n

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပီကောက်ဝ ကျေးရွာ မူလတန်းကျောင်း(ခွဲ)၏ ကျောင်းဆောင်မှာ အစိုးရ စာသင်ကျောင်း တစ်ကျောင်း၏ အင်္ဂါရပ်နှင့် မညီဘဲ ဖြစ်နေသဖြင့် ကလေးငယ်များ စာသင်ကြားရာတွင် အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

“ ကျောင်းအင်္ဂါရပ်နဲ့ မညီဆိုတာက မြင်တဲ့ အတိုင်းပါဘဲ။ ဓနိမိုး၊ ထရံကာထားတဲ့ ၁၀ ပေလောက် အရှည်ရှိတဲ့ကျောင်းမှာ ကလေးငယ်တွေ ဒီအတိုင်း ပျစ်ညှပ်ပြီးတော့ စာသင်ကြားနေကြရပါတယ်။ အခန်းကျဉ်းတဲ့ အတွက် ကလေးတွေ ဖြစ်သလို စာသင်နေကြသလို ဆရာ ဆရာမတွေ ထိုင်ဖို့ စားပွဲခုံ၊ ကုလားထိုင်တောင် ချမယ့်နေရာတောင် မရှိပါဘူး” ဟု ကျေးရွာလူကြီး တစ်ဦးဖြစ်သူ ဦးမောင်သိန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ပီကောက်ဝ မူလတန်းကျောင်း (ခွဲ) တွင် ကျောင်သားကျောင်းသူ ၃၅ ယောက်ရှိပြီး ဆရာတစ်ဦးနှင့် ဆရာမ တစ်ဦးရှိကြောင်း သိရသည်။

“ ဒီကျောင်းကို ဖွင့်တာ ၅ နှစ်ရှိပါပြီ။ ကျောင်းဆောင်ကို ခုထိ မချပေးသေးတာက ကျောင်းသားနည်းလို့လား၊ ရွာငယ်လို့လားတော့ မပြောတတ်ဘူး။ ကျွန်တော်တို့ တင်ပြ တောင်းခံထားတာ ကြာပါပြီ” ဟု သူက ပြောကြားသည်။

36516792_1981212601890807_1564314466017869824_n

ပီကောက်ဝကျေးရွာ မူလတန်းကျောင်း (ခွဲ) မှ ကျောင်းဆရာဖြစ်သူ ဦးမောင်ဟန်သိန်းအား မေးမြန်းရာ မူလတန်းအတွက် ကျောင်းဆောင်သစ် တစ်ဆောင် လိုအပ်နေကြောင်း ပြောကြားသည်။

“ တစ်ခြားရွာတွေမှာတော့ ကျောင်းဆောင်တွေ အသီးသီးရသွားကြပါပြီ။ ဒီကျောင်းကတော့ ကျန်နေခဲ့တယ်။ ဒီကျောင်းကိုလည်း အစိုးရက ကျောင်းဆောင်သစ် တစ်ဆောင် ချပေးဖို့ လိုလားပါတယ်။ အခုက ကျောင်းငယ်တော့ စာသင်ကြားရတာ အခက်အခဲတွေ ရှိနေပါတယ်” ဟု ပြောကြားသည်။

ပီးကောက်ဝ ကျေးရွာမှာ စစ်တွေ- ရန်ကုန် ကားလမ်းမဘေး ပီကောက်တံတားအနီးတွင် တည်ရှိပြီး အိမ်ခြေ ၃၈ ဆောင်ရှိကြောင်း သိရသည်။

(ဓာတ်ပုံကို၂၀၁၈ ခုနှစ်ဇွန် ၂၈ ရက်နေ့ရိုက်ယူထားခြင်း ဖြစ်ပါသည်။)