Advertising
English News

ကျောက်တော်နှင့် ပုဏ္ဏားကျွန်း မြို့နယ်အစပ် စေတီအပျက်အတွင်းမှ တွေ့ရှိသော ကျောက်သားဗုဒ္ဓဆင်းထုတော်ကို နဂိုအတိုင်း ပြန်လည် တည်ထားမည်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဧပြီ ၁၁

30697962_1890788604266541_4592458253002080256_n

ရခိုင်ပြည်နယ် ကျောက်တော်-ပုဏ္ဏားကျွန်း မြို့နယ်အစပ် ရွက်ညိုတောင်၌ မတ်လအတွင်း တူးဖော်တွေ့ရှိရသော စေတီအပျက်မှ ကျောက်သား ဗုဒ္ဓဆင်းထုတော်ကို နဂိုအတိုင်းဖြစ်အောင် ပြန်ဆက်ပြီး တည်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းတွင် စင်္ကြာ မာန်အောင် ဆရာတော်၊ ဦးဒေါင်းတောင် ဆရာတော်နှင့် ပြည်နယ်သံဃာ့ နာယကမှ တာဝန်ရှိဆရာတော်အပါအ၀င် အခြားဆရာတော်များ စေတီ အပျက်နေရာတွင် အစည်းအဝေးတစ်ရပ်ပြုလုပ်၍ နဂိုအတိုင်း ကျိုးပဲ့သွားသော ဘုရား ရုပ်တုတော်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြန်ဆက်ကာ တည်ထားရန် ဆုံးဖြတ်ခဲ့ကြခြင်းသည်။

“ဒီနေ့ကစပြီး ဘုရားကို ပြန်ဆက်ဖို့ ပန်းရံဆရာတွေနဲ့ စီစဉ်နေကြပါပြီ။ ပြန်ဆက်တဲ့ နေရာမှာ ရှေးမူအတိုင်း ဖြစ်အောင် ဘိလပ်မြေကို မသုံးဘဲနဲ့ ထမ်းလျက်၊ ထုံးဖြူနဲ့ နွယ်ပင်တွေက အစေးတွေကို ရောကြိုပြီးမှ ဆက်သွားမယ်ဖြစ်ပါတယ်”ဟု ကျောက်တော်မြို့နယ် ဆောင်းဒူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ ဗုဒ္ဓဆင်းထုတော်ကို အပြီးအစီး ပြန်ဆက်နိုင်ရန် ကော်မတီတစ်ရပ်ကို စင်္ကြာမာန်အောင် ဆရာတော်နှင့် ဦးဒေါင်းတောင်ဆရာတော်တို့ ဦးစီပါဝင်၍ သင်္ကြန်အစနေ့တွင် ဖွဲ့စည်းသွားမည်ဟု သိရသည်။

အဆိုပါစေတီကို ဦးဒေါင်းတောင် ဆရာတော်ကြီး၏ တပည့် ဆရာတော် ဦးသာသနသည် အိပ်မက် အရ တူးဖော်ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ဆရာတော်က ရွက်ညိုတောင် ဇာတိပါ။ ဒီတောကို ရှင်းလို့ မနှစ်ကတည်းက အိပ်မက်မြင်ပါတယ်။ ဦးဒေါင်းတောင် ဆရာတော်ကို လျှောက်တဲ့အခါ ဆရာတော်ကလည်း ဒီဘုရားတွေကို ပြုပြင်မွန်းမံ နိုင်မယ်ဆိုရင် တိုင်းပြည်သာယာမယ်လို့ အမိန့်ရှိပါတယ်။ ဒီနှစ်တစ်ခါ ထပ်ပြီးတော့ လူအများနဲ့ လုပ်လို့ မြင်ပါတယ်”ဟု ဆရာတော် ဦးသာသနက မိန့်ကြားသည်။

30594257_1890788974266504_4998152033329479680_n

ယင်းသို့ အိပ်မက်ထပ်မြင်ပြီး စင်္ကြာမာန်အောင် ဆရာတော်ကြီးကို လျှောက်တင်ပြီး ရှေးဟောင်း သုတေသနဌာနကို အကြောင်းကြားပြီးမှ တူးဖော်ခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စေတီနှင့် ဗုဒ္ဓဆင်းထုတော်နှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနအနေဖြင့် မည်သည့် ခေတ်က တည်ထားကိုးကွယ်ခဲ့သည်ကို မခန့်မှန်းနိုင်သေးကြောင်း သိရသည်။

“ဒီဘုရားကို ကိုယ့်ထီးကိုယ့်နန်းနဲ့ စိုးစံအခါတုန်းက သီလသမာဓိရှိတဲ့ ပါရမီရှင်တွေ တည်ထား ကိုးကွယ်ခဲ့တာဖြစ်ပါတယ်။ ဒီဘုရားကို ပြန်လည်တွေ့ရှိရမှုအပေါ် အတိတ်နိမိတ် အနေနဲ့ ပြောရရင် တိုင်းပြည်အေးချမ်းသာယာ လာနိုင်မယ်လို့ မိန့်ကြားလိုပါတယ်”ဟု ဦးဒေါင်းတောင် ဆရာတော် ဦးအဂ္ဂ၀ံသ က မိန့်ကြားသည်။

ဦးဒေါင်းတောင်ဆရာတော်က ဆက်လက်၍ “ဒီဗုဒ္ဓဆင်းထုတော်ကို ပြန်လည်တွေ့ရှိရတဲ့အတွက် လူမျိုးရေး၊ ဘာသာရေး၊ သာသနာရေး၊ တိုင်းရေး ပြည်ရေး အားလုံးအေးချမ်းပါစေလို့ ဆုတောင်း အပ်ပါတယ်”ဟု မိန့်ကြားသည်။

အဆိုပါ စေတီနှင့် ဘုရားတွေ့ရှိရာနေရာသို့ ဘုရားဖူးများ တစ်နေ့လျှင် လူထောင်ချီ၍ လာရောက်ဖူးမျှော်ပြီး အလှူငွေများ ထည့်ဝင်လျှက်ရှိသည်ဟု သိရှိရသည်။