English News

ကျောက်ဖြူတွင် ဖွင့်လှစ်မည့် နွေရာသီလူငယ်ပုံဆွဲသင်တန်းကို မောင်မောင်ဖောင်တိန် အပါအ၀င် ကာတွန်းဆရာသုံးဦး လာရောက်ပြသမည်

ကျော်ဝင်း၊ ကျောက်ဖြူ
နိရဉ္စရာ၊ မတ်လ ၇

17200874_1455254047820001_4011722451531209295_n

ကျောက်ဖြူမှ ကျောင်းသားလူငယ်များ အတွက် ဖွင့်လှစ်မည့် နွေရာသီလူငယ်ပုံဆွဲသင်တန်းတွင် ကာတွန်း မောင်မောင်ဖောင်တိန်၊ ကာတွန်းညီပုချေနှင့် ကာတွန်းအာကာတို့မှ လာရောက် သင်ကြားပြသမည်ဟု သတင်း ရရှိသည်။

Summit Center ၏စီစဉ်မှုဖြင့် ၎င်းသင်တန်းကို ကျောက်ဖြူမြို့၊ အထက(ခွဲ) အလက(၂) မြို့မကျောင်းတွင် မတ်လ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့ထိ (၇) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း Summit Center ၏ပိုင်ရှင်ဖြစ်သူ ဒေါ်သင်းသင်း က နိရဉ္စရာသို့ ပြောသည်။

‘‘ ကလေးတွေရဲ့ဖွံ့ဖြိုးရေးအတွက် အခမဲ့သင်တန်းပါ။ သင်တန်းဆရာတွေရဲ့ ဥာဏ်ပူဇော်ခနဲ့ နေရေးထိုင်ရေး စရိတ်တွေကိုပါ Summit Center က ကျခံပြီး သွားမှာပါ။ အဓိက နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်မှာ အချိန်ကို ဘယ်လိုအကျိုးရှိရှိ စနစ်တကျအသုံးချမလဲဆိုတာသိလာမယ်။ ရခိုင်ပြည်မှာက ထိရောက်တဲ့ ပညာပေးသင်တန်းနဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေမရှိပါ။ တစ်ခုမှ မရှိတဲ့အခါ ကလေးတွေ လမ်းလွဲ လိုက်လာကြတယ်။ လမ်းလွဲမလိုက်ကြအောင် တစ်ဖက်တစ်လမ်းက ထိန်းပေးတဲ့အနေနဲ့ အကုန်အကျခံပြီး လုပ်တာဖြစ်ပါတယ်’’ဟု သူမကပြောသည်။

နွေရာသီ လူငယ်ပုံဆွဲသင်တန်းတွင် အသက်အရွယ် (၉)နှစ်မှ (၁၅)နှစ်ထိ ကျောင်းသားဦးရေ (၁၀၀) ထိ လက်ခံသွားမည် ဖြစ်ပြီး သင်တန်း တက်ရောက် လိုသူကလေးငယ်များအနေဖြင့် ကျောက်ဖြူ Summit Center တွင် စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရသည်။