Advertising
English News

ကျောက်ဖြူတွင် ပြုလုပ်သော ရခိုင့်သယံဇာတမူဝါဒဆိုင်ရာ ဆွေးနွေးပွဲစတင်

FB_IMG_1543214648532

 

စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၆

ရခိုင့်သယံဇာတမူဝါဒဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သာသနာ့ဗိမာန်၌ ယနေ့ နံနက် ၉ နာရီတွင် စတင်ပြုလုပ်နေပြီဟု သတင်းရရှိသည်။

၎င်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၇ ရက်နေ့တွင် ကျရောက်သည့် ရခိုင့်သယံဇာတ ရပိုင်ခွင့်နှင့် စီမံခန့်ခွဲ ပိုင်ခွင့်ဆိုင်ရာ လူထုချီတက်ပွဲ စစ်တွေ ကျောက်ဖြူ ၂ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် အနေဖြင့် ကျင်းပ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ဆွေးနွေးပွဲက နံနက် ၉ နာရီလောက်မှ စတင်ပါတယ်။ အခုလည်း ကျွန်တော်တို့ ဆွေးနွေးနေတုန်းပါပဲ။ လူဦးရေက တော့ ၂၀၀ ခန့်တက်ရောက်ဆွေးနွေးတယ်။တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေ ရခိုင် လူမှုအရပ်ဘက်ဘက်အဖွဲ့အစည်းတွေက အပြန်အလှန်မေးမြန်းဆွေးနွေးနေကြပါတယ်။ ရခိုင့် သယံဇာတ ဆိုင်ရာမူဝါဒတစ်ရပ်ပေါ် ထွန်းလာရေးအတွက်ပေါ့”ဟု ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ ကွန်ယက်(ANREN)မှ တာရှိသူ တစ်ဦးဖြစ်သည့် ကိုဇေယျကျော်က ပြောသည်။

ဆွေးနွေးပွဲအခမ်းအနားသို့ ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မြိုတိုင်းရင်းသားပါတီ၊ ခမီတိုင်းရင်းသားပါတီ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ရခိုင်လူမှုအရပ်ဘက်အဖွဲ့အစည်း အသီးသီးမှ လူဦးရေ စုစုပေါင်း ၂၀၀ ခန့်တက်ရောက်ဆွေးနွေးနေသည်ဟု နိရဉ္စရာသို့ပြောသည်။

“ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်ရဲ့ ဖက်ဒရယ်ကိုသွားမယ် ဆိုရင်ပေါ့။ပြည်နယ်တိုင်း။ လူမျိုးတိုင်းမှာ ဖက်ဒရယ်ဆိုင်ရာ မူဝါဒ အသီးသီးရှိရမယ်။အဲ့ဒီမူဝါဒတွေ အထဲမှာမှ သယံဇာတဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွန်းလာရေးပေါ့။ ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင် ဖက်ဒရယ်နဲ့ပတ်သက်တဲ့ မူဝါဒသည် ကရင်တို့လို မရှိသေးဘူး။ ချင်းတွေလိုမရှိသေးဘူး။ ရခိုင်ပြည်နယ်သည်လည်းပဲ သယံဇာတ အင်မတန်မှ ရှိတဲ့ နေရာဖြစ်တဲ့ အတွက် သယံဇာတဆိုင်ရာ မူဝါဒတစ်ရပ် ရှိကိုရှိရမယ်။ဖက်ဒရယ်နဲ့ တွဲလျက်ပါတဲ့ သယံဇာတ ဆိုင်ရာ မူဝါဒ ရှိကိုရှိရမယ်။ ဒါကြောင့် ကျွန်တော်တို့မှာ အဲ့ဒါတွေ မရှိသေးတဲ့အတွက် ရှိလာအောင် ဆွေးနွေးပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်”ဟု နိရဉ္စရာ သို့ပြောသည်။

စစ်တွေမှ ကျောက်ဖြူ သို့ ချီတက်ခဲ့သည့် ရခိုင့်သယံဇာတ ရပိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်ဆိုင်ရာ လူထုချီတက်ပွဲ ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကိုလည်း နိုဝင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအထိ ကျောက်ဖြူမြို့ ဂေါက်ကွင်းမှ နာရီစင်အထိ ချီတက်သွားမည်ဟု သိရသည်။