English News

ကျောက်ဖြူမှ လယ်သမား ၁၇ ဦး ကုမ္ပဏီမှ ပေးအပ်သည့် လျော်ကြေးကို နောက်ဆုံးတွင် လက်ခံယူ

ကျော်ဝင်း (ကျောက်ဖြူ )
နိရဉ္စရာ၊ အောက်တိုဘာ ၆

22279456_1695825933762810_2920450637706789462_n

ကျောက်ဖြူမြို့နယ်မှ လယ်သမား ၁၇ ဦးသည် ဂတ်စ်ပိုက်လိုင်းစီမံကိန်းကြောင့် ရွှံ့ဖုံး၍ ပျက်စီးသွားသည့် မြေယာများအတွက် လျော်ကြေးငွေများကို ကုမ္ပဏီမှ ပေးအပ်သည့် အတိုင်း လက်ခံယူရန် နောက်ဆုံးတွင် သဘောတူလိုက်သည်ဟု သိရှိရသည်။

‘‘ ခု ရရှိတဲ့ လျော်ကြေးငွေက ပျက်စီးသွားတဲ့လယ်မြေတွေကို ပြန်ပြုဖို့ ငွေမလုံလောက်ဘူး။ ပျက်စီးနေတာက တော်တော်များတယ်။ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် လိုက်လျော့မှု မရှိဘူး။ လယ်သမားတွေက အခက်အခဲတွေဖြစ်လာတော့ ခုရရှိတဲ့ နုန်းထားကို သဘောမတူပေမယ့် နောက်ဆုံး လျော်ကြေးကို ယူလိုက် ကြတယ်’’ဟု လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ကြည်ကြည်နှင်း ကပြောသည်။

မြေတစ်ဧကကို ကျပ်ငွေ ၁၇ သိန်းငါးသောင်းကျပ်နုန်းဖြင့် မြေဧက ၁၇ ဧကကို လယ်သမား ၁၇ဦး လျော်ကြေးငွေ ပေးအပ်ခဲ့သည်ဟု သိရသည်။

ကျောက်ဖြူမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန ရုံးခန်းတွင် အောက်တိုဘာလ(၁)ရက်နေ့က ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ရွှံ့ဖုံးပျက်စီးမြေယာအတွက် လျော်ကြေးငွေကို မလကျွန်း၊ ဂုံးချိန်မှ လယ်သမား(၁၇)ဦးမှ လက်ခံ ခဲ့သည်။

လျော်ကြေးရရှိရန် ကျန်ရှိနေသူ လယ်သမား(၁၉)ဦးအနက် (၂)ဦးတွင် မြေဧက စာရင်းကွာဟနေ၍ စာရင်းပြန်ပြင် တင်ပြီးမှသာ ပေးအပ်မည်ဟုသိရသည်။

ဂတ်စ်ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးမြေယာများကို ပြန်လည်ပြုပြင်ရန်အတွက် လုံလောက်သော လျော်ကြေးငွေကို ရရှိရေးအတွက် ၂၀၁၅ခုနှစ် ကတည်းက တောင်းဆိုခဲ့ကြောင်း၊ ပျက်စီးမြေယာများကို ပြန်လည်ပြုပြင်ရန်အတွက် လုံလောက်သော လျော်ကြေးငွေကို ရရှိရေးအတွက် တရုတ်ကုမ္ပဏီ China National Petroleum Corporation (CNPC)ကို (၃)ကြိမ်ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ဖူးကြောင်း၊ (၃)နှစ်ခန့်ကြာမြင့်လာသော အချိန်တွင် တောင်းဆိုချက်များ ပြည့်မီအောင် မရရှိခဲ့ကြောင်း၊ နောက်ဆုံးတွင် လယ်သမားများမှာ စားဝတ်နေရေး အခက်အခဲကြောင့် လျော်ကြေးငွေ လက်ခံယူခဲ့ရကြောင်း သူမက ပြောကြားသည်။

ဂတ်စ်ပိုက်လိုင်းစီမံကိန်းကြောင့် ရွှံ့ဖုံး၍ ပျက်စီးသွားသည့် မြေယာများအတွက် လယ်သမား ၄၆ ဦးက လျော်ကြေးကို လက်ခံရယူခဲ့ပြီး ယခု လျော်ကြေးငွေ လက်ခံသူ လယ်သမား(၁၉)ဦးမှာ လျော်ကြေးငွေ နည်းသဖြင့် လက်မခံဘဲ ပိုမိုပေးရန် တောင်းဆိုခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

(Photo- Myanmar Times)