Advertising
English News

ကျောက်ဖြူမြို့ ရခိုင်ရိုးရာသင်္ကြန် စည်ကားမည်

နိရဉ္စရာ၊ ဧပြီ ၁၁

30623818_1890343330977735_5709156170938187776_n

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရခိုင်ရိုးရာ မဟာသင်္ကြန်ပွဲတော်မှာ ခါတိုင်းနှစ်များထက် စည်ကားမည်ဟု မျှော်လင့်ရေကြောင်း ကျောက်ဖြူမြို့နယ် စည်ပင် ဥက္ကဋ္ဌလည်းဖြစ်၊ မြို့မိ မြို့ဖ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ ဦးသန်းလွှင်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ဒီနှစ် ကျောက်ဖြူမြို့မှာ မဏ္ဍပ်ကြီး ၂ ခုနဲ့ ရေလောင်း မဏ္ဍပ်ငယ် ၂၀ လောက် ပါဝင် ရေကစားကြမှာ ဖြစ်ပါတယ်။ ပြင်ဆင်မှုတွေလည်းကောင်း၊ လူတွေကလည်း ရခိုင်ရိုးရာ သင်္ကြန်ကို စိတ်ဝင်စားမှုများလာတော့ ဒီနှစ်ပိုစည်ကားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ဦးသန်းလွှင်က ပြောသည်။

ကျောက်ဖြူ မြို့သူ မြို့သားများမှ ဦးဆောင်ပြီး ရေလောင်းမဏ္ဍပ်နှင့် စတိတ်စင် တစ်ခုကို ကြီးကျယ်ခန်းနားစွာဖြင့် အလယ်ပိုင်းရပ်ကွက်၊ နာရီစင်ကွင်းတွင် ဆောက်လုပ်နေကြောင်း သိရသည်။

အလားတူ ဒေသဆိုင်ရာ အာဏာပိုင်များမှလည်း ကျောက်ဖြူမြို့ ပင်လယ်ကမ်းစပ်အနီး View Point အနီးတွင် မဏ္ဍပ်ကြီး တစ်ခုကို ဆောက်လုပ်ပြီး ရေကစားသွားမည်ဟု သိရသည်။

၎င်းပြင် စေတီတောင် ရပ်ကွက်၊ ကာလာဘာတောင်တို့ အပါအ၀င် ရပ်ကွက် အသီးသီးတွင်လည်း ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ် ၂၀ ခန့်ဖြင့် ရေကစားသွားကြမည်ဟု သိရသည်။

(ဓာတ်ပုံ- မျိုးမြင့်ထွန်း/ ကျောက်ဖြူ)