Advertising
English News

ကျောင်းသုံးဘီးခဈေးနှုန်းမြှင့်၍ အစိုးရဈေးနှင့် စက်သုံးဆီရရှိရေး ဆောင်ရွက်ရန် တောင်ကုတ်ကောလိပ်ကျောင်းသားသမဂ္ဂနှင့် သုံးဘီးအသင်းတာဝန်ရှိသူများ သဘောတူ

စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ၊ ဇွန် ၂၅

36064459_1970512569627477_4689617044667105280_n

တောင်ကုတ်မြို့ထဲမှ ကောလိပ်သို့ ပြေးဆွဲနေသည့် သုံးဘီးခဈေးနှုန်းမြှင့်တက်လာ၍ အစိုးရ ဈေးနှင့် စက်သုံးဆီရရှိရေး ဆောင်ရွက်ရန် ကျောင်းသားသမဂ္ဂနှင့် သုံးဘီးအသင်းတာဝန်ရှိသူများ သဘောတူလိုက်ကြသည်ဟု သတင်းရရှိသည်။

ဇန် ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်က တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂရုံးခန်းတွင် ပြုလုပ်သော တောင်ကုတ်ကောလိပ်ကျောင်းသားသမဂ္ဂနှင့် သုံးဘီးအသင်း တာဝန်ရှိသူများ တွေ့ဆုံပွဲတွင် ထိုသို့ သဘောတူလိုက်ကြခြင်း ဖြစ်သည်။

တောင်ကုတ်ကောလိပ် ကျောင်းသားသမဂ္ဂ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုမင်းခန့်မောင်မောင် က “ကျွန်တော်တို့ကတော့ သုံးဘီးခကို အရင်အတိုင်း ပုံမှန်ဘဲ ဖြစ်စေချင်တယ်။ ဒါပေမယ့် သုံးဘီးသမားတွေကိုလည်း မနစ်နာစေချင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သုံးဘီးသမား တွေမှာလည်း တစ်ရက်လုံးမောင်းမှ တစ်သောင်းနီးပါးရတဲ့ အခါရတယ်။ မရတဲ့ခါ မရဆိုတော့ သုံးဘီးမောင်းသူတွေရဲ့ ဘက်ကိုလည်း ပြန်ကြည့်ရပါမယ်။ဒါကြောင့် သုံးဘီးခ လျော့ကျရေးထက် နှစ်ဦးနှစ်ဘက်အဆင်ပြေမယ့် အစိုးရဈေးနဲ့ စက်သုံးဆီရရှိအောင် သက်ဆိုင်ရာကို တင်ပြ တောင်းဆိုမယ်ဆိုတဲ့ နည်းလမ်းကို ပူးပေါင်း အဖြေရှာခဲ့ကြတာ ဖြစ်ပါတယ်”ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

တောင်ကုတ်ဒီဂရီကောလိပ်တွင်ကျောင်သားစုစုပေါင်း ၂၀၀၀ ကျော်ရှိပြီးသုံးဘီး အသုံးပြု၍ ကျောင်းတက်ရသော ကျောင်းသား/ ကျောင်းသူ စုစုပေါင်းမှာ ၆၀၀ ကျော်နီးပါးရှိကြောင်း သိရသည်။

တောင်ကုတ်ဒီဂရီကောလိပ်သို့ မြို့ထဲမှ ပြေးဆွဲနေသော သုံးဘီး ခဈေးနှုန်းမှာ ယခင်နှစ်က ကျောင်းသို့ တစ်ဦး တစ်ကြောင်း ၃၀၀ ကျပ်၊ အသွားအပြန် ၆၀၀ ကျပ် ရှိနေခဲ့ရာမှ ယခုနှစ်တွင် တစ်ဦး တစ်ကြောင်း ၄၀၀ ကျပ်၊ အသွား အပြန် ၈၀၀ ကျပ်ကောက်ခံရာမှ သုံးဘီးကို အသုံးပြု ကျောင်းတက်နေကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အခက်အခဲတွေ့နေကြသည်ဟု သိရသည်။

တောင်ကုတ်ဒီဂရီကောလိပ်ကို တောင်ကုတ်တက္ကသိုလ် အဖြစ်တိုးမြှင့်သတ်မှတ်ပေးရန် ပညာရေး ဝန်ကြီးဌာနမှ တောင်းဆိုချက်အရ တက္ကသိုလ်ဖွဲ့စည်းပုံကို တင်ထားပြီဖြစ်ကြောင်း သိရသည်။