English News

ဈေးနုန်းမြင့်မားနေ၍ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ရန် ရခိုင်တွင်အခက်အခဲဖြစ်နေ

ကျော်ဝင်း ( ကျောက်ဖြူ )
နိရဉ္စရာ၊ နိုင်ဝင်ဘာ ၈

23316760_1726848973993839_1937130442681978479_n

ရခိုင်ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ယာဉ်လိုင်စင်ပြုလုပ်ရန်စီစဉ်နေရာ လိုင်စင် ဈေးနုန်းမြင့်မားနေ၍ အများပြည်သူများမှာ လိုင်စင် ပြုလုပ်ရန် အခက်အခဲဖြစ်နေကြကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင်းရှိ တရားမ၀င် ၀င်ရောက်လာသော လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ယာဉ်လိုင်စင်ပြုလုပ်နိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားရေးမှူးဦးစီးဌာနသို့ ညွန်ကြားထားပြီး နိုင်ဝင်ဘာ(၁၃)ရက် ကျောက်ဖြူမြို့မှစတင်ကာ ပြုလုပ်သွားမည်ဟု သိရသည်။

ယာဉ်လိုင်စင်ပြုလုပ်ရန် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တစ်စီးကို ထုတ်လုပ်သည့် ခုနှစ်အလိုက် အနိမ့်ဆုံးဈေး ကျပ်ငွေ(၆၀၂၅၀)မှ ကျပ်(၁၆၀၆၅၀)အထိ၎င်း၊ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ် တစ်စီးကို အနိမ့်ဆုံး ကျပ်(၉၃၂၅၀)မှ ကျပ်(၃၃၅၆၀)အထိ၎င်း ပေးသွင်း ရမည်ဟု ကြော်ငြာ ထားကြောင်း ကျောက်ဖြူမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်မောင်မောင်ထွန်း ကပြောသည်။

‘‘ ၂၀၁၁ခုနှစ်ထုတ် တရုတ်နိင်ငံထုတ်ဆိုင်ကယ်တစ်စီးကို လိုင်စင်ခ ကျပ်(၆)သောင်းကျော် ဆိုတော့ တော်တော်ဈေးနုန်းကြီးတယ်လို့ဆိုရမယ်။ ဆိုင်ကယ်ကို ပြန်ရောင်းရင်တောင် (၁)သိန်းကျော်ရဖို့ မလွယ်တော့ဘူး။ အလုပ်အကိုင်ကလဲ မကောင်းကြဘူးဆိုတော့ လူအများစု လိုင်စင်လုပ်နိုင်အောင် ဈေးကို အခု သတ်မှတ်ထားတဲ့ ဈေးထက် အများကြီး လျှော့ပေး သင့်ပါတယ်’’ဟု ကျောက်ဖြူဒေသခံတစ်ဦးဖြစ်သူ ကိုကျော်ကျော် ကပြောသည်။

ကျောက်ဖြူတွင် နိုင်ဝင်ဘာ(၁၃)ရက်နေ့မှ (၁၇)ရက်ထိ၎င်း၊ အမ်းတွင် နိုင်ဝင်ဘာ(၁၉)ရက်နေ့မှ (၂၁)ရက်ထိ၎င်း၊ သံတွဲတွင် ဒီဇင်ဘာ(၅)ရက်နေ့မှ (၉)ရက်ထိ၊ မာန်အောင်တွင် ဒီဇင်ဘာ (၁၂)ရက်နေ့မှ (၁၄)ရက်ထိ၎င်း၊ မြောက်ဦးတွင် ဒီဇင်ဘာ(၂၀)ရက်နေ့မှ (၂၄)ရက်ထိ၎င်း ယာဉ်လိုင်စင်များ အသီးသီးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံး(စစ်တွေ)မှ နယ်လှည့် စစ်ဆေးရေး အဖွဲ့သည် သက်ဆိုင်ရာ မြို့နယ်အတွင်း မော်တော်ယာဉ်များ၊ ထရော်လာဂျီယာဉ်များ၊ သုံးဘီး ဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေးခြင်း၊ သက်တမ်း တိုးဆောင်ရွက်ခြင်းနှင့် မော်တော်ဆိုင်ကယ် လိုင်စင်ပြုလုပ်ခြင်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။

လွန်ခဲ့သော လေး၊ ငါးနှစ်ခန့်က ၀ယ်ယူထားသော တရုတ်နိုင်ငံထုတ် ၂၀၁၂ခုနှစ်ထုတ် ဆိုင်ကယ်တစ်စီးကို ယခုအချိန်တွင် ကျပ်(၆၀၂၅၀) ကောက်ခံမှုမှာ ဈေးနုန်းအလွန်မြင့်မားနေပြီး ဈေးနုန်းလျှော့ ကောက်ခံသင့်ကြောင်း ပြည်သူများကြား ဝေဖန်လျက်ရှိသည်။