Advertising
English News

တောင်ကုတ်တွင် ရပ်ထားသောကားကို ဆိုင်ကယ်ဖြင့် ဝင်တိုက်သူ သေဆုံး

စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ၊ ဇူလိုင် ၁၀

36907601_1994320423913358_6931504593524228096_n

ရခိုင်ပြည်နယ်တောင်ကုတ်မြို့တွင် ရပ်ထားသော ကားတစ်စီးကို ဆိုင်ကယ်ဖြင့် ၀င်တိုက်မိရာမှ ဆိုင်ကယ်စီးလာသူမှာ သေဆုံးသွားခဲ့ဟု သတင်းရရှိသည်။

၎င်းဖြစ်စဉ်မှာ ယမန်နေ့ ည ၁၁ နာရီကျော်ခန့်တွင် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက် မြတ်နိုးသူစားသောက်ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူမှာ ပန်းတောင်း-တောင်ကုတ်လမ်း ဂူတာ ရပ်ကွက် ဟိုတယ်တောင်ကုတ် အနီးတွင် နေထိုင်သူ ကိုပိုင်မြတ်အောင် အသက် ၂၄ နှစ်ဖြစ်ကြောင်းသိရသည်။

တောင်ကုတ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သီဟကျော်က” မနေ့ ည ၁၁ နာရီ ၁၅ လောက်မှာ ဖြစ်တာပါ။ ရပ်ထားတဲ့ကားကိုနောက်က ဆိုင်ကယ်နဲ့ဝင်တိုက်တာပါ။လူနာဆေးရုံကို ၁၁ နာရီ ၄၀ မှာ ရောက်ရှိပြီး သိပ်မကြာခင်မှာပဲ သေဆုံးခဲ့ပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ကုတ်ရဲစခန်းမှ သေမူသေခင်းဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။