Advertising
English News

တောင်ကုတ်ဒီဂရီကောလိပ်ေကျာင်းကားခလျော့ကျရေး လမ်းလျှောက် ဆန္ဒဖော်ထုတ်မည်

စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ၊ ဇူလိုင် ၆

36737914_1987552184590182_6319582894712946688_n

တောင်ကုတ်ဒီဂရီကောလိပ်နှင့် မြို့ထဲသို့ပြေးဆွဲနေသည့် သုံးဘီးခ ဈေးနှုန်းများ ပုံမှန်လျော့ကျရေး အတွက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ထုတ်ပွဲတစ်ခုကို များမကြာမီ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

တောင်ကုတ်ဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းခန့်မောင်မောင်က “ကျွန်တော်တို့ အစိုးရဈေးနှုန်းနဲ့ စက်သုံးဆီ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနတွေကို စာတင်ပါတယ်။ ဇွန် ၂၁ ရက်နေ့ ကတစ်ကြိမ်။ ဇွန် ၂၇ ရက်နေ့ကတစ်ကြိမ်။ အဲ့လိုစာ ၂ ကြိမ်တောင် တင်ထားပေမယ့် ကျွန်တော်တို့ ကျောင်းသား သမဂ္ဂကို ပြန်ပြီး အကြောင်းကြားတုန့်ပြန်တာမျိုး မရှိပါဘူး။ဒါကြောင့် အခုလို ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုသွားဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ကိုမင်းခန့်မောင်မောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲအား လာမည့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၇ နာရီတွင် စတင်ပြုလုပ်မည် ဖြစ်ပြီး လမ်းလမ်းလျှောက်ဆန္ဒထုတ်ဖော်မည့်ကျောင်းသားဦး ရေ ခန့်မှန်းခြေ ၁၀၀၀ ခန့်ရှိကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရန် သင်္ဘောဆိပ်လမ်းမကြီး အထက ၂ကျောင်းအနီးတွင်လူစုဝေးမည်ဖြစ်ပြီး နံနက် ၈ နာရီ တွင်စတင်ချီတက်မည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ချီတက်ရာတွင် သင်္ဘောဆိပ်လမ်းမကြီးမှ စတင်ချီတက်ပြီး ဦးအောင်ဇေယျလမ်း၊ ထိုမှတဆင့် ရဲစခန်းရှေ့မှ လျှပ်စစ်လမ်းကထွက်ကာ ပြည်-တောင်ကုတ် လမ်းမကြီးအတိုင်း ချီတက်ပြီး အမ်းလမ်းမှတဆင့် တောင်ကုတ်ဒီဂရီကောလိပ်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။

36652836_1987552447923489_792496821313208320_n

ဆန္ဒထုတ်ဖော်ရာတွင် တောင်ကုတ်ဒီဂရီကောလိပ်သို့ ပြေးဆွဲနေသော သုံးဘီးခဈေးနှုန်း ပုံမှန်အတိုင်းလျော့ ကျရေး တို့အရေး စသည်ကြွေးကြော်သံများအပြင် သုံးဘီးခဈေးနှုန်း လျော့ကျစေရေးအတွက်ကျောင်းသား များ လှုပ်ရှားမှု စသည့်ဗီနိုင်းပိုစတာများဖြင့်ချီတက် ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။

တောင်ကုတ်ဒီဂရီကောလိပ်သို့ ပြေးဆွဲနေသည့် သုံးဘီး ခဈေးနှုန်းမှာ ယခင်က တစ်ကြောင်း ၃၀၀ ကျပ်၊ အသွားအပြန် ၆၀၀ ကျပ်ရှိရာမှ ယခုအခါ တစ်ကြောင်း ၄၀၀ ကျပ်၊ အသွားအပြန် ၈၀၀ ကျပ်ထိ တိုးလိုက်သဖြင့် ကျောင်းသားကျောင်းသူများ အတွက်အဆင် မပြေဖြစ်နေကြောင်း သိရှိရသည်။

သို့အတွက် သုံးဘီးအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးပြီး အစိုးရဈေးနှင့် စက်သုံးဆီ ရရှိ နိုင်ရေးကို ပြည်နယ် အစိုးရထံ ကျောင်းသားသမဂ္ဂက စာတင်ထားရာ အစိုးရဘက်မှ တုန့်ပြန်မှု တစ်စုံတစ်ရာမရှိခဲ့ဟု သိရသည်။

“ကျွန်တော်တို့ဘက်က အခုလိုဆန္ဒထုတ်ဖော်ရတယ်ဆို တာ သုံးဘီးသမားတွေကို ဖိအား ပေးတာ မဟုတ်ပါဘူး။ အစိုးရကိုပဲ ဖိအားပေးတဲ့သဘောပါ။ကျွန်တော်တို့ကို စာနဲ့ပြန်ပြီး အကြောင်း မကြား နိုင်ဘူးဆိုရင်တောင် ဖုန်း နဲ့ပဲဖြစ်ဖြစ် ပြန်ပြီးအကြောင်းကြားသင့်ပါတယ်။အခုလို စာနဲ့လည်း အကြောင်းမကြား။ ဖုန်းနဲ့လည်း မဆက်သွယ်ဘူးဆိုတာကတော့ အစိုးရအနေနဲ့ ကျွန်တော်တို့ ကျောင်းသားတွေကို အလေးမထားရာရောက်နေပါတယ်”ဟု ကိုမင်းခန့်မောင်မောင်က ဆက်ပြောသည်။