Advertising
English News

တောင်ကုတ်မြို့နယ် လမုနှင့် ဆားပြင်အကြားတံတားကျိုး။ အမ်း-မအီ ကားလမ်းကျိုးပျက်မှု အပါအ၀င် လမ်းခရီးအခြေအနေနှင့် ပတ်သက်ပြီး ရခိုင်စည်ပင်ဝန်ကြီးနှင့် အင်တာဗျူး

နိရဉ္စရာ၊ ဇွန် ၁၂

35062513_1952077358137665_8800674511067283456_n

ရခိုင်ပြည်နယ် အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်နေတဲ့ အတွက် လမ်းတွေကျိုးပြတ်တာ၊ တံတားပြိုကျတာ၊ မြေကြီးတွေ ပြိုကျတာ နေရာအတော်များများမှာ ဖြစ်ပေါ်နေပါတယ်။

ဒီလိုဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခရီးသွားပြည်သူများ အခြေအနေမှန်ကို သိရှိစေနိုင်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို မေးမြန်းပြီး တင်ပြလိုက်ပါတယ်။

မေး- လမ်းတွေ၊ တံတားတွေ ကျိုးတယ်လို့ ကြားရပါတယ်။ ဘယ်မှာ ဖြစ်နေတာပါလဲ။
ဖြေ- တောင်ကုတ်မြို့နယ် ဆားပြင်အုပ်စု လမုအနား ကမာ မရောက်ခင်မှာ တံတားတစ်လက် ကျိုးနေပါတယ်။ ပြန်ပြင်နေတယ်လို့ ကြားရပါတယ်။ ဆားပြင်အုပ်စုထဲမှာ ဖြစ်တာပါ။ အခု ဆားပြင် အုပ်ချုပ်ရေးမှူးနဲ့ အခု စကားပြောနေပါတယ်။

မေး- ဘယ်နေ့က ကျိုးတာပါလဲ။
ဖြေ- မနေ့က စကျိုး ပါတယ်။ အခု ပြင်နေတဲ့ အတွက် ညနေပိုင်းလောက်မှာ ပြီးမယ်လို့ ပြောပါတယ်။

မေး- ၀န်ကြီးခင်ဗျား။ တစ်ခြားနေရာတွေမှာကော ကားလမ်းတွေရဲ့ အခြေအနေက ဘယ်လိုရှိနေပါသလဲ။ ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ နေရာတွေရှိပါသလား။
ဖြေ- တစ်ခြားနေရာက အမ်းနဲ့ မအီအကြား ပဒကြောဆိုတဲ့ နေရာမှာ လမ်းပိုင်းနေပါတယ်။ ပေ ၄၀ လောက်ပိုင်းနေတယ်လို့ သိရပါတယ်။ အခု တံတားထိုးနေတယ်။ ဆောက်လုပ်ရေးက တံတားထိုးနေပါတယ်။ နောက်တစ်ရက် နှစ်ရက်လောက်ဆိုရင် တံတားထိုးလို့ ပြီးမယ်လို့ သိရပါတယ်။

မေ- တစ်ခြားနေရာတွေမှာကော အခြေအနေ ဘယ်လိုကြားရပါသလဲ။
ဖြေ- သတင်းအရ ကြားသိရသလောက်ကတော့ ကားလမ်းပေါ် ရေကျော်နေတာတွေကတော့ အပိုင်းလိုက် ဖြစ်နေတာတွေရှိပါတယ်။ တစ်ပေကျော်၊ နှစ်ပေကျော် အဲသလိုမျိုးတော့ ရှိပါတယ်။ အပိုင်းလိုက်၊ အပိုင်းလိုက် နေရာအတော်များများတွေ့နေရပါတယ်။ အဲဒီအပိုင်းတွေမှာတော့ ကားတွေက ဖြတ်မောင်းပြီး သွားလာနေကြပါတယ်။

မေး- မိုးရေကြီးတဲ့ အနေအထားတွေကြောင့် အခြေအနေတွေက ဘယ်လိုရှိနေပါသလဲ။
ဖြေ- အခုသိရတာက လမုမှာလည်းမနည်းရေ၀င်နေပြီ။ ရေကမ်းတက်နေပြီလို သိရပါတယ်။ မအီမှာလည်း ရေကမ်းတက်နေတယ်လို့ သိရပါတယ်။ မိုးဆက်ရွာမလား။ အခြေအနေကို စောင့်ကြည့်နေပါတယ်။

(ပြီး)

ရခိုင်ပြည်နယ်မှ ကားလမ်းများ ရေကျော်နေသည့် မြင်ကွင်း/ ဓာတ်ပုံ UKSS