Advertising
English News

တောင်ကုတ် NLD ပြည်နယ်လွှတ်တော်အမတ် ဦးဝင်းမြင့် ရခိုင်စည်ပင်ဝန်ကြီးဖြစ်လာ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ မတ် ၁၃

29177670_1857496870929048_5368686421097840640_n

ရခိုင်ပြည်နယ် အစိုးရမှ စည်ပင် ၀န်ကြီး အဖြစ် ခန့်အပ်လိုကြောင်း အဆိုပြုထားသော တောင်ကုတ်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ရခိုင်လွှတ်တော်တွင် ကန့်ကွက်မည့်သူ မရှိသဖြင့် မတ်လ ၁၂ ရက်နေ့က သူ့အား စည်ပင်ဝန်ကြီးအဖြစ် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ဦးဝင်းမြင့်သည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း၊ သို့သော် လုပ်ရည်ကိုင်ရည်ကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း ANP ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။

“သူက လူကောင်းတစ်ယောက်ပါ။ သို့သော် သူ့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်လို့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် စောင့်ကြည့်ရမှာပေါ့လေ။ သူရဲ့ လွှတ်တော်ထဲ လှုပ်ရှားမှုကတော့ ကိုယ့်မြို့ ကိုယ့်ရွာအတွက်ဆိုရင် သူကတော့ တက်တက်ကြွကြွ ဆောင်ရွက်နေတာကိုတော့ တွေ့ရပါတယ်”ဟု ဦးအောင်ကျော်ထွီးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယခင် ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်အောင်မှာလည်း NLD တောင်ကုတ်မြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ရခိုင်ပြည်လွှတ်တော်ကိုယ်စားလှယ်အများစု၏ ဆောင်ရွက်ချက် တစ်ချို့အပေါ် တာဝန် မကျေပွန်ဟု စွပ်စွဲပြစ်တင် ကန့်ကွက်ရာမှ လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရာ ရှုံးနိမ့်သဖြင့် နိုင်ငံတော် သမ္မတက ဦးမင်းအောင်ကို တာဝန်မှ ရပ်စဲခဲ့သည်။

ယင်းနောက်ပိုင်းတွင် တောင်ကုတ်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို စည်ပင်ဝန်ကြီး အဖြစ် မတ်လ ၁၂ ရက်နေ့က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

စည်ပင်ဝန်ကြီးသစ် ဦးဝင်းမြင့်သည် တောင်ကုတ်မြို့နယ် မအီမြို့ ဇာတိဖြစ်ပြီး ၇-၁၂-၁၉၇၃ တွင် မွေးဖွားပြီး သင်္ချာဘာသာဖြင့် B.Sc ဘွဲ့ရရှိထားသူ ဖြစ်ကြောင်း သိရသည်။ သူ၏ ဇနီး မှာ ဒေါ်စိုးနန်းမူဖြစ်ပြီး သမီးနှစ်ဦးရှိကြောင်း၊ လက်ရှိ တောင်ကုတ်မြို့နယ် မအီမြို့တွင် နေထိုင်ကြောင်း သိရသည်။