Advertising
English News

ဒေါ်ကျော်မသာမိသားစု ဥပဒေ၏ အကာအကွယ်မရရှိဟုဆို

နိရဉ္စရာ၊ စက်တင်ဘာ ၈

41440081_2089091537769579_3295589459180912640_n

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု ရပ်ကွက် မီးလောင်ပြင်တွင် နေထိုင်သော ဒေါ်ကျော်မသာ (၇၈) နှစ် မိသားစုအား ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင် တစ်ဦး အပါအ၀င် အနည်းဆုံး လူ ၅ ဦးမှ အိမ်ထဲထိ ၀င်ရောက်ရိုက်ပုတ်ခဲ့၍ ရဲကို တိုင်ကြားသည်မှာ တစ်လကျော် ကြာနေပြီ ဖြစ်သော်လည်း အမှုဖွင့်မပေးသဖြင့် ဥပဒေ၏ အကာအကွယ်မရရှိဖြစ်နေကြောင်း နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ဒေါ်ကျော်မသာ (၇၈) နှစ်က “ ကျွန်မရဲ့သားကို ၀ိုင်းရိုက်တဲ့ အတွက် ဟန့်တဲ့ အတွက် သူတို့က ကျွန်မကို ရိုက်တာပါ။ ဓါးနဲ့လည်း ခုတ်ပါတယ်။ ကျွန်မရဲ့ ဦးခေါင်းမှာ၊ နားမှာ၊ နောက်ကုန်းမှာ ဒဏ်ရာ ရပါတယ်။ ကျွန်မက ဆေးရုံတက်ရပါတယ်။ ဒါပေမယ့် ဒီနေ့ထိ ရဲက အမှုမဖွင့်ပေးပါ” ဟု သူမက ပြောသည်။

ဒေါ်ကျော်မသာ မိသားစုမှာ စစ်တွေမြို့၊ နာဇီရွာရပ်ကွက်၊ ရေသန့်စက်ရုံအနီးရှိ မီးလောင်ကွင်းတွင် နေထိုင်သူ မိသားစု ဖြစ်ပြီး အမှုမှာ ဇူလိုင် ၂၉ ရက် ညနေ ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ သူတို့ က ကျွန်မသားရေချိုးနေတဲ့ အချိန်မှာ အိမ်ထဲထိ ၀င်လာပါတယ်။ ခြံစည်းရိုးကို ဖြိုပစ်ပါတယ်။ ကျွန်မက ဘာဖြစ်ကြတာလည်းလို့ မေးတော့ ကျွန်မကိုပါ ဆဲဆိုတယ်။ ဓားနဲ့ ခုတ်ပါတယ်။ တစ်တောင်လောက် အရှည်ရှိတဲ့ တုတ်နဲ့ရိုက်ပါတယ်။ ကျွန်မသား နေမျိုးထွန်းကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်” ဟု ဒေါ်မကျော့သာက ပြောဆိုသည်။

နေမျိုးထွန်း (၂၇) နှစ်အား ဓါးကိုင်ဆောင်မှုဖြင့် ဇူလိုင် ၂၉ ရက်နေ့မှ သြဂုတ် ၁၃ ရက်နေ့ထိ ၁၅ ရက်တိုင်တိုင် ရဲစခန်းတွင် ဖမ်းချုပ်ထားခဲ့သည်ဟု ဒေါ်မကျော့သာက ပြောသည်။

41263783_2089091891102877_2430566746365624320_n

ဒေါ်မကျော့သာ၏ ချွေးမ မသိန်းမြင့်ဦး (၂၀) နှစ်က “ ကျွန်မတို့ လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်နေတာကို သူတို့က လာပြီး ဆဲဆိုတယ်။ ကျွန်မတို့ကိုလည်း ရိုက်ပုတ်သွားပါတယ်။ ကျွန်မကို လည်ပင်းညစ်ပါတယ်။ ကျွန်မတို့ ဆင်းရဲလို့ အမှုမဖွင့်မပေး၊ ငွေအားနဲ့ လုပ်နေပါတယ်။ ဆင်းရဲတဲ့အခါ လုပ်ချင်သလို လုပ်နေပါတယ်။ တစ်ခုလည်း အရေးမယူဘဲ ဒီအတိုင်းထားပါတယ်။ ကျွန်မတို့က အမှန်အတိုင်းဘဲ ဖြစ်စေချင်ပါတယ်” ဟု ပြောသည်။

၎င်းအမှုကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် နှစ်ကြိမ်တိုင်တိုင် အမှုဖွင့်တိုင်ကြားသော်လည်း လက်မခံဘဲ ငွေလျော်ကြေးကိုသာ လက်ခံရန် ပြောကြားကြောင်း၊ အမှတ်(၁) ရဲစခန်းမှ နောက်ပိုင်းတွင် အမှတ်(၂) ရဲစခန်းသို့ တိုင်ကြားရန် ပြောသော်လည်း ယနေ့ထိ အမှုဖွင့် မပေးကြောင်း မိသားစု ၀င်များက ပြောကြားသည်။

ယခုအခါ အဆိုပါ အမှုအား ရှေ့နေမှ တစ်ဆင့် တရားမမှုဖြင့် အမှုဖွင့် တိုင်ကြားရန် စီစဉ်နေကြောင်း သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရဲစခန်းသို့ ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

(ဓာတ်ပုံ- ဒေါ်ကျော်မသာမိသားစုနှင့် သူမအား ဒဏ်ရာဖြင့် တွေ့ရစဉ်)