English News

ပေါက်တောမြို့နယ်တွင် ဘောလုံးကန်မည့် လူငယ်များကို တင်ဆောင်လာသည့်စက်လှေ နစ်မြုပ်၍ ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ဦး ပျောက်ဆုံး

မဘုကေ
စစ်တွေ၊ အောက်တိုဘာ ၆

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျောက်စုကျေးရွာမှ တန်းမျှချောင်းသို့ ဘော်လုံးကန်မည့် လူငယ်များကို တင်ဆောင်လာသည့် စက်လှေ တစ်စီးနစ်မြုပ်၍ ဆယ်ကျော်သက်အရွယ် လူငယ်၂ ဦးပျောက်ဆုံးနေသည် ဟု ကျောက်စုကျေးရွာအုပ်စုရဲစခန်းမှ တပ်ကြပ် ဇော်ဝင်းက အတည်ပြုပြောသည်။

အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စက်လှေ နစ်မြုပ်ပြီး လူငယ် ၂ဦးပျောက်ဆုံးနေခြင်းဖြစ်သည် ဟု ဆက်လက်၍ ပြောသည်။

“ ကျောက်စုကနေပြီး တန်းမျှချောင်းကို ဘောလုံးကန်ဖို့ ဟွန်ဒါ ပဲ့ချိတ် စက်လှေနဲ့သွားကြတာ၊ မြစ်ဝမှာ မြုပ်တာပါ။ ပြီးတော့ ရေနစ်ပျောက်ဆုံးနေတဲ့ ၂ယောက်က ရေကူးမတတ်ဘူး ” ဟု တပ်ကြပ် ဇော်ဝင်း ကနိရဉ္စရာသို့ ပြောသည်။

ပျောက်ဆုံးနေသူ၂ဦးမှာ (ဘ) ဦးအောင်သန်းကျော်၏သား ကိုအောင်စိုး (၁၇) နှစ်) နှင့် (ဘ) ဦးကျော်လှ၏ သား မောင်ဌေးအောင် (၁၈နှစ်) တို့ဖြစ်သည် ဟု ကျောက်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းမောင် ကပြောသည်။

“ ချောင်းကနေ အထွက် မြစ်ဝမှာ လှိုင်းကြီးပြီး နစ်သွားတာပါ။ ကျွန်တော်တို့က သေဆုံးသွားပြီလို့ ခန့်မှန်းပါတယ်။ လိုက်ရှာနေကြတုန်းရှိပါတယ်” ဟု ဦးသန်းမောင်က ပြောကြားသည်။

နစ်မြုပ်စဉ် စက်လှေပေါ်တွင် လူ ၁၅ ယောက်ခန့် ပါရှိကြောင်း သိရသည်။