Advertising
English News

ပေါက်တောမြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ စာသင်ကျောင်းနှင့် အိမ်ပျက်စီး၊ ကျောင်းသား ၃ ဦး ဒဏ်ရာရ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ သြဂုတ် ၁

38181947_2030723730273027_1718192595793870848_n

ယနေ့ နံနက် ၁၀ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်၍ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အင်္ဂရားချိုင်ကျွန်း တန်းမျှချောင်းကျောင်းရွာ မူလွန်ကျောင်းတွင် ကျောင်းဆောင်တစ်ခု ခေါင်မိုး ပွင့်ပါသွားပြီး ကျောင်းသား ၃ ဦး အနည်းငယ် ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

“ကျောင်းဆောင်ရဲ့ အနောက်ဘက်နဲ့ မြောက်ဘက်က ခေါင်မိုးတွေ အားလုံးပါသွားပါတယ်။ နောက်ပြီးတော့ ကျောင်းသား ၃ ဦးလည်း အနည်းငယ် ဒဏ်ရာရရှိသွားပါတယ်”ဟု တန်းမျှချောင်း ကျေးရွာမှ မူလတန်းပြဆရာ ဦးဦးသန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဒဏ်ရာရရှိသူ ကျောင်းသားများမှာ ၆ တန်းကျောင်းသား မောင်စောအောင်သိန်း၊ ၄ တန်းကျောင်းသား မောင်ငြိမ်းစိုးဦး နှင့် ၇ တန်းကျောင်းသား မောင်စိုးနိုင်တို့ဖြစ်ကြောင်း သိရသည်။

38125818_2030724566939610_4453998119515848704_n

လေဆင်နှာမောင်ကြောင့် စာသင်ကျောင်းအပြင် လူနေအိမ် ၃ လုံး၊ စပါးကျီ တစ်လုံး၊ ဘုန်းတော်ကြီးကျောင်းမှ ဦးပုဉ်သည် ဇရပ် တစ်ဆောင်နှင့် အိမ်သာတစ်လုံးလည်း ပျက်စီးသွားပြီး၊ သစ်ပင်များ ကျိုးကျမှုများလည်း ရှိခဲ့သည်ဟု ဆိုသည်။

စာသင်ဆောင် ခေါင်မိုး ပျက်စီးသွားမှုကြောင့် ကျောင်းတွင် ဆက်လက်စာမသင်ပြ နိုင်တော့ကြောင်း၊ သို့သော် ကျောင်းသားများကို ဆက်လက် စာသင်ပြနိုင်ရာ နေရာတစ်ခု ရှာဖွေထားပြီဖြစ်ကြောင်း ရွာသားများက ပြောသည်။