English News

မောင်တောနယ်စပ်ရှိ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးသစ် အဖြစ်ရဲမှူးချုပ်မြင့်တိုး ခန့်အပ်ခံရ

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ အောက်တိုဘာ ၎

22195405_1693235007355236_9203165239474980344_n

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဒေသ၏ အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးသစ် အဖြစ် မန္တလေး အမှတ်(၃) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ မှူးရုံး ကွပ်ကဲရေးမှူး ရဲမှူးချုပ်မြင့်တိုးကို ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

မောင်တောနယ်စပ်တွင် တာဝန်ထမ်းဆောင်နေသည့် အမှတ်(၁)နယ်ခြား စောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်အား အောက်တိုဘာ ၂ ရက်နေ့မှ ပြည်ထဲရေးဝန်ကြီးဌာနက ပြောင်းရွှေ့လိုက်ပြီး ၎င်းနေရာတွင် ရဲမှူးချုပ်မြင့်တိုးအား ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ရဲမှူးချုပ်သူရ စန်းလွှင်သည် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်းက မောင်တောနယ်စပ်တွင် နယ်ခြားစောင့် ရဲဌာနချုပ်နှင့် နယ်ခြားစောင့်စခန်း နှစ်ခုအကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် ခန့်အပ်ခံရခြင်း ဖြစ်သည်။

သို့သော် သူရစန်းလွှင်သည် တာဝန် ထမ်းဆောင်ပြီးတစ်နှစ်အတွင်း ပြောင်းရွှေ့ခံရသူ ဖြစ်သဖြင့် သြဂုတ်လ ၂၅ ရက်နေ့က နယ်ခြားစောင့် စခန်း ၃၀ တိုက်ခိုက်ခံရမှုနှင့် တိုက်ရိုက်သက်ဆိုင်၍ ပြောင်းရွှေ့ခံရခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရဲမှူးချုပ် သူရစန်းလွင်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက “ရာထူးတိုးနဲ့တော့မ ဟုတ်ဘူး။ ကွပ်ကဲရေးမှူးအနေနဲ့ပဲ ပြောင်းတာပါ။ နေပြည်တော်ကို ပြောင်းရွှေ့တာပါ “ဟု ပြောသည်။

ရဲမှူးချုပ် သူရစန်းလွင်သည် နေပြည်တော်ရှိ အမှတ်(၁) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ မှူးရုံးကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနေရာတွင် ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည်ဟုလည်း သူက ပြောဆိုသည်။

“ကိုယ့်နေရာမှာတော့ မန္တလေး အမှတ်(၃)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ မှူးရုံး ကွပ်ကဲရေးမှူး ရဲမှူးချုပ်မြင့်တိုးက တာဝန်ယူမယ်။ ကိုယ်ကတော့ နေပြည်တော် အမှတ်(၁) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ မှူးရုံးကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနေရာမှာ တာဝန်ထမ်းဆောင်မှာပါ “ဟုလည်း နေရာပြောင်းရွှေ့ခံလိုက်ရသည့် ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောဒေသတွင် တာဝန်ထမ်းဆောင်သည့် ကွပ်ကဲရေးမှူးတိုင်းလိုလို အရေးယူခံခဲ့ရပြီး ထိုအထဲတွင် နစက ကွပ်ကဲရေးမှူး ရဲမှူးချုပ် အောင်ငွေ၊ နောက်ထပ် တာဝန်ထမ်းဆောင်ခဲ့သူ နစကမှူး အောင်ကြီး၊ ၂၀၁၂ နောက်ပိုင်း ရဲကွပ်ကဲရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ အောင်နိုင်ဦး တို့ပါဝင်သည်။

(ဓာတ်ပုံ- ပြောင်းရွှေ့ခံလိုက်ရသည့် သူရစန်းလွှင်)