English News

မောင်တောဒေသကို ကူညီရန် ရခိုင်အဆိုတော် မိချောက “မင်းဗာကြီးသွီး ငါရို့အားဆီး”ခွေကို ဖြန့်ဝေ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ စက်တင်ဘာ ၁၃

21731208_1654452457900158_8218401054998324598_n

ARSA အကြမ်းဖက် ဘင်္ဂါလီများ၏ တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ် မောင်တောဒေသမှ နေရပ်စွန့်ခွာလာသူ ရခိုင်တိုင်းသားများကို ကူညီရန် ရခိုင်အဆိုတော် မိချောက “မင်းဗာကြီးသွီး ငါရို့အားဆီး”(မင်းဗာကြီးသွေး၊ ငါတို့အားဆေး) ခွေကို ဖြန့်ဝေလျက်ရှိနေကြောင်း သိရသည်။

၎င်းခွေတွင် သီချင်းတစ်ပုဒ်တည်းသာ ပါဝင်ပြီး သြဂုတ် ၂၅ အကြမ်းဖက်မှုကို အမြတ်ပြတ်ချေမှုန်း လက်တုန့်ပြန်ကြရန် မျိုးချစ်ရခိုင်သားများအား နှိုးဆော်ထားသည့် သီချင်းတစ်ပုဒ်ဖြစ်ကြောင်း သိရသည်။

“ဒီသီချင်းခွေမှာ ‘မင်းဗာကြီးသွီး ငါရို့အားဆီး’ဆိုတဲ့ သီချင်းတစ်ပုဒ်ပဲ ပါဝင်ပါတယ်။ အဲ့ဒီသီချင်းက အခုဖြစ်နေတဲ့ အခြေအနေနဲ့ လုံးဝကိုက်ညီတယ်။ မိချောတို့ရဲ့ ရခိုင်တွေ ထားသင့်တဲ့ စိတ်ဓါတ်ကို အဓိကထားပြီးတော့ ဇာတိသွေး ဇာတိမာန်တက်ကြွစေဖို့ အဲ့ဒီသီချင်းကို လောလောဆယ် အချိန်ခါအတွက်ကို ပရိသတ်တွေရဲ့ လက်ထဲကိုရောက်အောင် အရင်စလို လုပ်ပြီးတော့ ဖြန့်ချိပေးနေတာဖြစ်ပါတယ်”ဟု မိချောက ပြောသည်။

အဆိုပါသီချင်းခွေ တစ်ခွေကို ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေပြီး၊ ရောင်းချ၍ ရသမျှငွေအားလုံးကို ဘူးသီးတောင်၊ မောင်တောဘက်တွင် အကြမ်းဖက်တိုက်ခိုက် ခံခဲ့ရသည့် ရခိုင်တိုင်းရင်းသားများအား လှူဒါန်းသွားမည်ဟုဆိုသည်။

“အဲ့ဒီလို လှူဒါန်းနိုင်ဖို့အတွက် မြို့တွေကို ပတ်ပြီးတော့ လက်လှမ်းမီသလောက် မိချောကိုယ်တိုင် လိုက်ရောင်းပြီးတော့ အလှူငွေအားလုံးကို လှူဒါန်းဖို့ လုပ်နေတာပါ။ တောင်ကုတ်ရယ်၊ သံတွဲရယ်၊ ဒီကနေ့ဆိုရင် စစ်တွေပေါ့နော်၊ မနက်ဖန်ဆိုရင်ပေါက်တောကို သွားပြီးတော့ ဖြန့်ဝေမှုတွေ လုပ်သွားမှာပါ”ဟု မိချောက ပြောသည်။

“မင်းဗာကြီးသွီး ငါရို့အားဆီး”ခွေကို ခွေ ၂၀၀၀ ကျော် ထုတ်ဝေခဲ့ပြီး စက်တင်ဘလ ၁၂ ရက်နေ့ ညအထိ ရောင်းချ၍ ရရှိငွေ ၁၀ သိန်းကျပ်ကျော်ကျော်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

“ဒီခွေကိုထုတ်တဲ့ ရယ်ရွယ်ချက်ကလည်း လှူဖို့အတွက် သီးသန့်ရည်ရွယ်ပြီးတော့ လုပ်တာပါ။ မိချောလည်း တစ်ပြားတစ်ချပ်မှ မိမိအတွက် မမျှော်ကိုးဘဲနဲ့ တကယ့်ကို စေတနာနဲ့လုပ်တာပါ။ ဘာတစ်ခုမှ အဆက်အသွယ် မရှိတဲ့ကြားထဲက မိချောကိုယ်တိုင် ရန်ကုန်ကနေ လာပြီးတော့ ကိုယ်တိုင်ဖြန့်ဝေနေတာပါ။ ဒီကညီအကို မောင်နှမတွေက တအားကိုစည်းလုံးကြပါတယ်။ သူတို့ ၀ိုင်းဝန်းကူညီကြတဲ့အတွက် တော်တော့်ကို အဆင်ပြေပါတယ်”ဟု ၄င်းကပြောသည်။

စစ်တွေမြို့ပေါ်၌ သီချင်းခွေများကို ဖြန့်ဝေရာတွင် ရခိုင်အဆိုတော်များဖြစ်ကြသည့် ခိုင်ပြည်ကျော်၊ တူတူ၊ မောင်ကိုကို၊ ရီလှိုင်းပြာ၊ ပန်းခက်ရွှေစင်နှင့် အခြားရခိုင်အဆိုတော်များကလည်း သီချင်းများ သီဆို၍ ပါဝင်ကူညီခဲ့ကြသည်ကို တွေ့ရှိရသည်။

အကြမ်းဖက်သမားများ တိုက်ခိုက်မှုများကြောင့် ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားများ ဒုက္ခရောက်နေမှု အပေါ် မနေနိုင် မထိုင်နိုင်အောင်ထိ ခံစားရပြီး၊ ယခုခွေကို ကြိုးစားပမ်းစားလုပ်ခဲ့ရကြောင်း၊ ရခိုင်တိုင်းရင်းသားများဘ၀ ပြန်လည် နလန်ထူနိုင်ရန်အတွက်လည်း သူမအနေဖြင့် တတပ်တအား ပါဝင်ချင်သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်နေရခြင်းဖြစ်သည်ဟု ဆိုသည်။

ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသည့် တိုင်းရင်းသား ဒုက္ခသည်များ စိတ်သက်သာရာ ရစေရန် အနုပညာရှင်များဖြင့် ဖျော်ဖြေမှုများပြုလုပ်ပေးရမည့်အစီအစဉ်များ ရှိပါကလည်း သူမအနေဖြင့် ရှေ့ဆုံးမှ ပါဝင်သွားမည်ဟု ပြောသည်။