English News

မောင်တောဒေသတွင်အကောင်အထည်ဖော်နေသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ARG မှ ရန်ကုန်တွင် ရှင်းလင်းပွဲပြုလုပ်

နိရဉ္စရာ၊ နိုဝင်ဘာ ၁၃

23472789_1731336260211777_8036079701591194814_n

ရခိုင်မျိုးစောင့်အဖွဲ့ ( ARG) မှ ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး လူထု ရှင်းလင်းပွဲ တစ်ခုကို ရန်ကုန်မြို့ ရခိုင်ဓမ္မာရုံတွင် နိုဝင်ဘာ ၁၂ ရက် နံနက်က ပြုလုပ်ခဲ့သည်။

၎င်းရှင်းလင်းပွဲသို့ အဖွဲ့ နာယက ဦးထွန်းအောင်ကျော်နှင့် ARG ဥက္ကဋ္ဌ ဦးဘအေးတို့မှ တက်ရောက်ရှင်းလင်းခဲ့သည်။

ရှင်းလင်းပွဲတွင် ARG ဥက္ကဋ္ဌ ဦးဘအေးမှ မောင်တောဒေသတွင် ရခိုင်နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအား ရိက္ခာများ ထောက်ပံ့ ကူညီခြင်းထက် အလုပ်အကိုင်များ ရှာဖွေဖော်ထုတ်ပြီး ရေရှည်ရပ်တည်နေထိုင်ရေးအတွက် ကူညီဆောင်ရွက်လိုအပ်နေကြောင်း ရှင်းလင်း ပြောကြားသည်။

၎င်းပြင် ARG ၏ လက်တွေ့ ဆွဲကိုင်ထားသော မူဝါတစ်ခုဖြစ်သည့် စုပေါင်း နေထိုင်၊ စုပေါင်း လုပ်ကိုင်၊ စုပေါင်း ရင်ဆိုင်ဆိုသည့် မူဝါဒနှင့် အညီ မောင်တောဒေသတွင် ရခိုင်အမျိုးသားများဒေသ မစွန့်ခွာရေးနှင့် ပိုပြီးအခြေစိုက်လာအောင် ဆောင်ရွက်နေမှုများအားလည်း အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့သည်။

ရခိုင်မျိုးစောင့်အဖွဲ့ ( ARG)သည် ယခင်က ပြည်ပ ဂျပန်နိုင်ငံတွင် အခြေစိုက်ပြီး ၂၀၁၄ ခုနှစ်မှ မြန်မာပြည်သို့ ပြန်ဝင်လာပြီး မောင်တောဒေသတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ ဒေသ မစွန့်ခွာရေး အတွက် ဆောင်ရွက်လုပ်ကိုင်နေသည့် နိုင်ငံရေးနှင့် မပတ်သက်သည့် လူမှု အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

ARG သည် မောင်တောဒေသတွင် လယ်ထွန်စက်များဖြင့် လယ်ထွန်ပေးခြင်း၊ စပါးရိတ်သိမ်း ခြွေလှည့်စက်များ စပါးများကို ရိတ်သိမ်းပေးခြင်း၊ ဒေသခံ ကျေးရွာသားများသို့ တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ၀က်များထောက်ပံ့ခြင်း၊ စိုက်ပျိုးရေး အတွက် မျိုးစေ့များ ထောက်ပံ့ခြင်း၊ အလုပ်လုပ်ကိုင်လိုများကို ခေါ်ယူပြီး လစာထောက်ပံ့ပြီး လုပ်ငန်းများ ဆောင်ရွက်ခြင်းများကို မြေပြင်လိုအပ်ချက် အနေအထားများနှင့် အညီ လက်တွေ့ကျကျ ဆောင်ရွက်နေသည့် အဖွဲ့လည်း ဖြစ်သည်။

23561697_1731336486878421_629018031018537608_n

ARG ၏ ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် အပါအ၀င် လူပေါင်း ၇၀ ကျော်ခန့်တက်ရောက်ခဲ့သည်။

ရှင်းလင်းပွဲ အခမ်းအနားတွင် နိဂုံးချုပ် အမှားစကားပြောကြားသူ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ရန်ကုန်ရှိ ရခိုင်အမျိုးသားများ စုံစုံညီညီ တက်ရောက်လာသည်ကို တွေ့ရ၍ ၀မ်းသာကြောင်း၊ ရခိုင်သားများ ညီညွတ်ရန်လိုပြီး အမြော်အမြင်ကြီးကြီးဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရန် လိုကြောင်း၊ မောင်တောဒေသတွင် အသက်ကို ပဓာနမထားဘဲ ကိုယ်ကျိုးစွန့် ပြီး ဒေသကောင်းကျိုး အတွက် လက်တွေ့ လုပ်ငန်းများကို ဆောင်ရွက်နေသည့် ARG ကို ရခိုင်အမျိုးသားများ ၀ိုင်းဝန်းကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသွားသည်။