Advertising
English News

မောင်တောမြောက်ပိုင်းတွင် မြန်မာစီကရက်ပါကင် ၁၀၀ နှင့် အတူ တစ်ဖက်နိုင်ငံမှ ၀င်လာသူ ၂ဦးကို ဖမ်းဆီးရမိ

47357329_264053530938971_3294825199815360512_n copy

 

သိန်းဇော်(မောင်တော)
နိရဉ္စရာ ဒီဇင်ဘာ ၁

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်း သစ်တုံးနားခွဆုံ ကျေးရွာ အနီးတွင် စီကရက်ပါကင် ၁၀၀ နှင့် အတူ ဘင်္ဂလာဒေ့ရှ်မှ ၀င်ရောက်လာသူ ၂ ဦးကို ဖမ်းဆီးရမိသည်ဟု သတင်းရရှိသည်။

တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်မှ အထမ်းသမား လူပေါင်း ၅၀ ခန့် ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံမှ စီကရက် အပါအ၀င် ကုန်ပစ္စည်းများကို တရားမ၀င် လမ်းကြောင်းမှ ဘင်္ဂလာဒေ့ရှ်သို့ သယ်ယူရန် ၀င်ရောက်လာခဲ့ကြောင်း၊ သတင်းအရ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သစ်တုံးနား ခွဆုံ ကျေးရွာမှ အုပ်ချုပ်ရေးမှူးဦးထွန်းရွှေက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

“ မနေ့က ညနေ ၄ နာရီလောက်ကနေ သတင်းရပါတယ်။ ကျွန်တော်တို့ နယ်ခြားစောင့်တပ်ဖွဲ့ကို သတင်းပို့ပါတယ်။ နယ်ခြားစောင့်ရဲတွေနဲ့ ကျွန်တော်တို့ ရွာက လူတွေပူးပေါင်းပြီး ည ၁၁ နာရီလောက် သွားဖမ်းတာ စီကရက်ပါကင် ၁၀၀နဲ့ ဘင်္ဂလီ ၂ နှစ် ဖမ်းမိပါတယ်။ ကျန်တဲ့လူတွေက ထွက်ပြေးသွားကြပါတယ်”ဟု ဦးထွန်းရွှေက အတည်ပြုပြောကြားသည်။

သူတို့နှစ်ဦးနှင့် အတူ စီကရက် ပါကင်များအား နိုဝင်ဘာ ၃၀ ရက်နေ့ ညဥ့် ၁၁ နာရီ အချိန်တွင် သစ်တုံးနားခွဆုံကျေးရွာ အနောက်ဖက် ချောင်းတစ်ဖက်ကမ်း တောထဲ၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူ ၂ဦးမှာ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေရှ်မှ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ဝင်ရောက်လာသူ လူပေါင်း ၅၀ ခန့်ပါရှိကြောင်းသိရသည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် သက်ဆိုင်ရာ ရဲအရာရှိသို့ ဆက်သွယ်ရာ အဆက်သွယ် မရရှိခဲ့ပါ။

ဘင်္ဂလာဒေ့ရှ်နှင့် ကပ်ရပ် တည်ရှိသည့် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း တောထဲတွင် မြန်မာနိုင်ငံမှ စီကရက်၊ ဘီယာ၊ အရက်၊ မူးယစ်ယာဘား စိတ်ကြွဆေးပြားများ အပါအ၀င် တရားဝင် တင်သွင်းခွင့်မရသည့် ပစ္စည်းများကို အရောင်းအ၀ယ် ပြုလုပ်သည့် ပျံကျ မှောင်ခို ဈေးကွက်ကြီး တစ်ခု ပေါ်ပေါက်နေပြီး ၎င်းမှောင်ခိုဈေးမှ တစ်ဆင့် မြန်မာမှ ပစ္စည်းများကို ဘင်္ဂလာဒေ့ရှ်သို့ မှောင်ခိုတင်ပို့ နေကြသည်ဟု ဒေသခံ ပြည်သူများ ပြောကြားချက်အရ သိရသည်။