English News

မောင်တောမြောက်ပိုင်းတွင် ပိတ်မိနေသော ရခိုင်တိုင်းရင်းသားများအား ဆက်လက်ကယ်ထုတ်နေရဆဲ

နိရဉ္စရာ၊ စက်တင်ဘာ ၈

rakhaine-villager-evacuted-nothern-Maungdaw

မောင်တောမြို့နယ် မြောက်ပိုင်း ရခိုင်တိုင်းရင်းသားကျေးရွာများတွင် ပိတ်မိနေသော ရခိုင်တိုင်းရင်းသား ၂၇၀ ကျော်ကို မော်တော်ဘုတ်ဖြင့် နတ်မြစ်ကို ဖြတ်ကျော်ကာ မောင်တောမြို့ပေါ်သို့ ယခုလ ၇ ရက်နေ့က ကယ်ထုတ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းလူများကို ကယ်ထုတ်ရာတွင် ပါဝင်ခဲ့သူ ၀ံလက်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုညီညီဇော်က “ ကပ်ပကောင်း၊ ရွက်ညိုးတောင်၊ စံပယ်ပင်ရင်း၊ ခြံပြင်၊ သရက်အုပ်စတဲ့ ရွာတွေမှာ ပိတ်မိနေတဲ့ ရွာသားတွေ အထဲက အသက်အရွယ်ကြီးရင့်နေတဲ့သူတွေနဲ့ ကလေးတွေ၊ အမျိုးသမီး ၂၇၀ ကျော်ကို ကယ်ထုတ်ခဲ့ပါတယ်။ နောက်ထပ်လည်း အများကြီး ကျန်နေပါသေးတယ်” ဟု ပြောကြားသည်။

ဝံလက်ဖောင်ဒေးရှင်းမှ ဆန်အိတ်၅၀၊ အလိုတော်ပြည့်ကျောင်းမှ ဆန်အိတ် ၆၀ ၊ မောင်တောမြို့မိမြို့ဖ ဆန်အိတ် ၅၀ အပါအ၀င် ငါးခြောက်၊ ကြက်သွန်၊ အာလူးစသည့် ပစ္စည်းများကို မော်တော်ဘုတ်တစ်စီးဖြင့် ၎င်းကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပြီး အပြန်တွင် လုံခြုံရေး အစောင့်အကြပ်များဖြင့် ကယ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့က နတ်မြစ်အတိုင်းဘဲ မော်တော်ဘုတ်နဲ့ ကယ်ထုတ်လာပါ။ နတ်မြစ်အတွင်း ရေတပ်က စောင့်ရှောက်ပေးသလို နယ်ခြားစောင့်ရဲကလည်း စပိဘုတ်တွေနဲ့ လုံခြုံရေး ယူပေးထားတော့ လမ်းခရီးမှာ အဆင်ပြေပါတယ်။ ဘာမှတော့ စိုးရိမ်စရာ မရှိပါဘူး” ဟု ကိုညီညီဇော်က ပြောသည်။

၎င်းဒုက္ခသည်များကို ယခု လောလောဆယ်တွင် မောင်တောမြို့ပေါ်ရှိ သာသနာဗိမာန်တွင် နေရာချပေးထားကြောင်း မောင်တောမြို့ပေါ်မှ လူမှုရေး လူပ်ရှားနေသူ ဦးစိန်လှဖြူက ပြောကြားသည်။

( ကယ်ထုတ်လာရသည့် ရခိုင်လူမျိုးများကိုတွေ့ရစဉ်/ ဓာတ်ပုံ- facebook)