English News

မောင်တောမြို့နယ်တွင် ကျေးရွာတာဝန်ရှိသူများအား သတ်ဖြတ်မှု တစ်ကျော့ပြန် ပေါ်ပေါက်လာ

နိရဉ္စရာ၊ ဒီဇင်ဘာ ၆

24862448_1755594504452619_1398569765868974982_n

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ကျေးရွာတာဝန်ရှိသူများအား လုပ်ကြံသတ်ဖြတ်မှုများမရှိဘဲ လအနည်းငယ်ခန့် အတန်ငယ် ငြိမ်သက်နေရာမှ ဒီဇင်ဘာ ၅ ရက်နေ့က တစ်ကျောပြန် သတ်ဖြတ်မှု တစ်ခု ပြန်လည် ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။

သတ်ဖြတ်ခံရသူမှာ မောင်တောမြို့၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ ရှော်ဖိတ်အာမန် (၃၄)နှစ်ဖြစ်ကြောင်း သိရသည်။

အမည်မသိ လူနှစ်ဦးမှ ဒီဇင်ဘာ ၅ ရက် ည ၉ နာရီခွဲတွင် ကျေးရွာတာဝန်ခံ ရှော်ဖိတ်အာမန်၏ အိမ်ထဲသို့ ဝင်လာပြီး သေနတ်ဖြင့် ပစ်ပြီး ဓါးဖြင့် ခုတ်သတ်သွားခဲ့သည်ဟု မြန်မာအစိုးရ Information Committee က သတင်းဖော်ပြသည်။

ရှော်ဖိတ်အာမန်တွင် ဝမ်းဗိုက်ပေါက်ထွက်သွားခဲ့ပြီး လည်ဂုတ်၊ ညာလက်ဖျံနှင့် ဘယ်ပခုံး ပြတ်ရှ ဒဏ်ရာ များရရှိခဲ့ပြီး အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးခဲ့သည်ဟု သတင်းကဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ မိနစ် ၄၀ တွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိ စစ်ဆေးရာ ၇ ဒသမ ၆၂ ကျည်ခွံ တစ်ခုနှင့် အိမ်နံရံအတွင်းမှ ကျည်ထိပ်ဖူးတစ်ခု တွေ့ရှိခဲ့ကြောင်း သိရသည်။

ရှော်ဖိတ်အာမန်အား ဓါးဖြင့်ခုတ်၊ သေနတ်ဖြင့် ပစ်ခဲ့သူ နှစ်ဦးအား ဖမ်းဆီးမိခြင်း မရှိ သေးသော်လည်း ၎င်းအမူနှင့် ပတ်သက်ပြီး မကျီးချောင်းနယ်မြေစခန်း၌ (ပ) ၆၅/၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၄၊ လူသတ်မှု ၊ ပူးပေါင်းကြံစည်မြှုဖင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

မောင်တောသို့ ဆက်သွယ်ရာတွင် မောင်တောဒေသခံ ဦးမောင်ကြီးက ယခုသတ်ဖြတ်မှုကို ကြားသိရကြောင်း၊ ယခု ဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်သမားများ မောင်တောမြို့နယ် အတွင်းသို့ တိတ်တဆိတ် ၀င်ရောက်နေပုံရသည်ဟု ပြောကြားသည်။

မောင်တောမြို့နယ်တွင် ၂၀၁၇ သြဂုတ် ၂၅ ရက်နေ့ နယ်ခြားစောင့်စခန်း(၃၀) မတိုက်ခိုက်ခံရမီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သူ ဘင်္ဂလီ မူဆလင် လူကြီး ၅၀ ခန့် သေဆုံးခဲ့သည်ဟု သိရသည်။