Advertising
English News

မောင်တောမြို့နယ် ကိုင်းကြီးချောင်းမှ သေနတ်သံများကြားရ၊ မြိုတိုင်းရင်းသား ယာလုပ်သူ တစ်ချို့ သေဆုံးဟု သတင်းများ ဖြစ်ပေါ်နေ

နိရဉ္စရာ၊ သြဂုတ် ၃

မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးချောင်းဖျားမှ သေနတ်ပစ်ခတ်သံများကို ယနေ့နံနက် ၈ နာရီ ကျော် အချိန်က ကြားခဲ့ရပြီး ယာလုပ်နေသူ မြိုတိုင်းရင်းသားများတစ်ချို့ သေဆုံးကြောင်း ပတ်ဝန်းကျင်တွင် သတင်းများ ဖြစ်ပေါ်နေသည်ဟု နိရဉ္စရာမှ သတင်းရရှိသည်။

“ ဒီကနေ့ နံနက် ၈ နာရီကနေ ၈ နာရီခွဲထိ ကြားရပါတယ်။ လက်နက်ငယ်ပစ်ခတ်သံတွေပါ။ အတွဲလိုက်ပစ်သံတွေလည်း ကြားရပါတယ်။ သေနတ်သံတွေကြားတော့ ရွာပြင်ကိုလည်း တစ်ယောက်လည်း မထွက်ဝံ့ပါ။ ကြားရတာက ကိုင်းကြီးချောင်းဖျားကပါ” ဟု အနီးအနားရှိ ခရေမြိုင်ရွာသား တစ်ဦးဖြစ်သူ ဦးထွန်းလှအောင်က ပြောသည်။

ဆက်လက်ပြီး နိရဉ္စရာ သတင်းဌာနမှ အခင်းဖြစ်ပွားရာ နေရာနှင့် အနီးဆုံး တည်ရှိသည့် သရေကုန်ဘောင် သို့ ဆက်သွယ်မေးမြန်းရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်က “သေနတ်သံတွေ ကြားရတာမှန်ပေမယ့် တိုက်ပွဲ ဖြစ်ပွားတယ်လို့ ပြောလို့တော့ မရပါဘူး။ အခု ဖြစ်တာက ကိုင်းကြီးနတလ မြိုစံပြကျေးရွာက မြိုတိုင်းရင်းသားတွေ ယာလုပ်နေတဲ့ နေရာမှာ သေနတ် ပစ်ခံရတယ်လို့ ကြားရပါတယ်” ဟု ပြောကြားသည်။

သေနတ်က ဘယ်သူကနေ ဘယ်သူ့ကို ပစ်တာလဲဟု ဆက်လက် မေးမြန်းရာ ကျေးရွာ အုပ်ချုပ်ရေးမှူးက “ အဲဒီမှာ ယာလုပ်နေတဲ့ မြိုတွေကို မူဆလင် အကြမ်းဖက် လက်နက်ကိုင်တွေက ပစ်တယ်လို့ ကြားရပါတယ်။ အခုကြားရတာ မြို သုံးလေးယောက်တောင် ကျတယ်လို့ ကြားရပါတယ်။ ကျွန်တော်တို့ ကြားတာကို ပြောတာပါ။ သွားပြီးတော့ မကြည့်ရတော့ အတိအကျတော့ မပြောနိုင်သေးဘူး။ မြိုတွေ သေတယ်လို့တော့ ကြားနေရပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ကိုင်းကြီးနတလ မြိုကျေးရွာမှာ တောင်ပေါ်တွင်ရှိပြီး သရေကုန်ဘောင်မှ ခြေဖြင့် တစ်နာရီခွဲကျော်ကျော်သွားရသည်ဟု သိရသည်။

“ ကျွန်တော်တို့လည်း သတင်းတွေ စုံစမ်းနေပါတယ်။ အခုတော့ တပ်က လိုက်သွားပါပြီ။ ဘယ်လို ဖြစ်နေတယ်ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ပြောဆိုသည်။

အနီးအနားရှိ ကျေးရွာများသို့ နိရဉ္စရာမှ ဖုန်းဖြင့် ဆက်သွယ်ရာ ကင်းချောင်းကျေးရွာတွင် ရောက်ရှိနေသည့် တပ်မတော် စစ်ကြောင်းလည်း အခင်း ဖြစ်ပွားရာသို့ လိုက်ပါသွားကြောင်း ရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။