Advertising
English News

မောင်တောမြို့နယ် မော်လ၀ီရွာကို ဓားပြတိုက်ရာတွင်ပါဝင်သူ ၂၀ခန့်မှာတစ်ဘက်နိုင်ငံမှ ၀င်ရောက်လာသူများဟုဆို

IMG_7158 copyသိန်းဇော်(မောင်တော)
နိရဉ္စရာ အောက်တိုဘာ ၂

မောင်တောမြို့နယ်၊ သဲချောင်းအုပ်စု၊ မော်လဝီရွာတွင် စက်တင်ဘာ ၃၀ ရက်နေ့ ညဥ့် ၁ နာရီခန့် အချိန်က ဓားပြတိုက်သွားသူ လူပေါင်း ၂၀ ခန့် ဓါးပြအုပ်စုမှာ တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်မှ ၀င်ရောက် လာသူများ ဖြစ်ကြောင်း သဲချောင်းအုပ်စု အုပ်ချုပ်ရေးမှူး ဒိုင်းနက်အမျိုးသား ဦးမောင်စိန်ထွန်းက နိရဉ္စရာ သတင်းဌာသို့ ပြောကြားသည်။

“ သူတို့က ဟိုဘက်နယ်စပ်ကနေ ဒီဘက်နိုင်ငံထဲကို ၀င်တိုက်တာပါ။ ဒီကထွက်ပြေးသွားတဲ့ သူတွေက ၀င်တိုက်တာပါ။ သူတို့က ဒီဘက်ကို ၀င်လာဖို့လွယ်လွယ်လေးပါ။ ချောင်းကို ကူးလိုက်တာနဲ့ ဒီဘက်ကို ရောက်ပါတယ်။ ညဥ့် ၁ နာရီခွဲမှာ တိုက်တာပါ။ သေနတ်နဲ့ ပစ်တော့ အမျိုးသား တစ်ယောက်၊ အမျိုးသမီး တစ်ယောက် ဒဏ်ရာရပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒဏ်ရာ ရရှိသူ နှစ်ဦးမှာ အပြင်သင်္ဘောလှ ကျေးရွာမှ ဒိုင်းနက် အမျိုးသား ဦးမောင်ညိုသာ(၃၅) နှစ်နှင့် မော်လ၀ီရွာမှ ဘင်္ဂလီ အမျိုးသမီး ဒေါ်သိန်းရဲ့ မိခင်ဒေါ်ခါလီဒါ (၇၅) နှစ်ဖြစ်ကြောင်း သူက ပြောကြားသည်။

“ ဦးမောင်ညိုသာက ငါးပုဇွန်ရောင်းတဲ့သူပါ။ သာယာကုန်းနဲ့ သင်္ဘောလှ ရွာမှာရောင်းတာပါ။ အဲဒီနေ့ ငါးမရတော့ ဒေါ်သိန်းအိမ်မှာ တည်းပြီး မနက်မှ ငါးဝယ်ပြန်မယ်လို့ အိပ်နေတုန်း ဓါးပြတိုက်တာပါ။ ဓါးပြတိုက်တော့ ယမ်းထောင်း သေနတ်နဲ့ တစ်ချက်ပစ်တော့ ဦးမောင်ညိုသာနဲ့ ဒေါ်ခါလီဒါမှာ ယမ်းထဲမှာပါတဲ့ ခဲသီးတွေမှန်ပြီး ဒဏ်ရာရသွားပါတယ်” ဟု ၎င်းကဆိုသည်။

သေနတ်သံကြားသဖြင့် သဲချောင်းဝနှင့် သင်္ဘောလှချောင်းဝရှိ ကင်းစခန်းမှ နယ်ခြားစောင့်တပ်မှ လိုက်လာရာ ၎င်းဓါးပြများမှာ မော်လ၀ီရွာ အရှေ့ဘက်သို့ ထွက်ပြေးပြီး၎င်းမှ တစ်ဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး ၀င်ရောက်သွားကြသည်ဟု သူက ပြောဆိုသည်။

ယခုလို နယ်စပ် ဖြတ်ကျော် ဓါးပြတိုက်မှုမှာ လွန်ခဲ့သည့်လ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ခိုက်မှုတွင် ကျပ်သိန်း ၄၀ ကျော်ဖိုး ရရှိသွားခဲ့သည်ဟု သိရသည်။

“ သူတို့ ပထမတစ်ကြိမ်တိုက်တုန်းက မော်လ၀ီရွာက ဘင်္ဂလီ လူမျိုးမောင်လှဖြူနဲ့ မော်တာဇော်တင်တို့ နှစ်ဦးကို ဖမ်းမိသွားပါတယ်။ အဲဒီ မောင်လှဖြူရဲ့အိမ်က ရွှေတွေကို ယူပြီး မော်တာဇော်တင်ကို သစ်ပင်မှာကြိုးနဲ့ချည်ထားပါတယ်။ မောင်လှဖြူကို ခေါ်သွားပြီး မော်တာဇော်တင် အမေကို ခေါ်ခိုင်းတော့ တံခါးပေါက်နေ ကြည့်တော့ လူအများမြင်တဲ့ အတွက် တံခါးပိတ်ပြန်ပိတ်ပီး အိမ်ထဲမှာ ပုန်းနေတော့ ပေါက်ဆိန်တွေ၊ တူးရွင်းတွေနဲ့ အိမ်ကို ဖွင့်ပါတယ်။ နောက်ပိုင်း နယ်ခြားစောင့်တပ်က လိုက်လာတော့ ထွက်ပြေးသွားကြပါတယ်။ ပထမတစ်ကြိမ် တိုက်တုန်းက ဖြစ်သွားတာပါ” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ယခုတစ်ကြိမ် တိုက်ခိုက်မှုမှာ ဒုတိယ အကြိမ်ဖြစ်ကြောင်း၊ ဓါးပြတိုက်ခံရသည့် အိမ်ပိုင်ရှင် ဒေါ်သိန်း၏ ဖခင်မှာ တပ်မှ ပင်စင်စားစစ်သားတစ်ဦးဖြစ်ကြောင်း၊ ၎င်းမော်လ၀ီရွာတွင် ယခင်က အိမ်ခြေ ၁၀၅ ဆောင်ခန့်ရှိပြီး ယခုအခါ ဘင်္ဂလီ မိသားစု (၆) စုသာကျန်ရှိတော့ကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများသည် ရွာတွင် ကျန်နေလိုက်သည့် မိသားစု (၆) စုအား မကြာခဏ ၀င်ရောက် အနှောင့်အယှက်များ ပြုလုပ်နေကြောင်း ၎င်းအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းလိုသော်လည်း ဆက်သွယ်ရမည့် သူအမည်နှင့် ဖုန်းနံပတ်မရှိခြင်း၊ ရှိသော ဖုန်းဖြင့် ဆက်သွယ်လျှင်လည်း တစ်ကြိမ်တစ်ခါမှ ဖုန်းကိုင်ပြီး ဖြေကြားခြင်း မရှိခြင်းတို့ကြောင်း ဆက်သွယ်မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။

(ဓာတ်ပုံ- မောင်တောမြို့နယ်မှ နယ်ခြားစောင့်စခန်းတစ်ခု)