Advertising
English News

မောင်တော ကန့်ကွက်ဆန္ဒပြမှုနှင့်ပတ်သက်ပြီး ICRC သို့မေးခွန်း ၃ ခု

နိရဉ္စရာ၊ စက်တင်ဘာ ၁၁

41487172_2093368777341855_2380257848807391232_n

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နှင့်မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)တို့ကို နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပေးရန် စီစဉ်မှုနှင့် ပတ်သက်ပြီး မောင်တောဒေသခံ ၃၀၀ ခန့်မှ စက်တင်ဘာ ၁၀ ရက်နေ့က မွန်းလွဲပိုင်းက ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ထိုသို့ ဆန္ဒပြရာတွင် ဒေသခံ ပြည်သူများမှ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဘင်္ဂါလီ များအား ရိက္ခာ ထောက်ပံ့ပေးမှု အလိုမရှိ၊ နိုင်ငံတော်အစိုးရမှ ဒေသခံများ၏ သဘောထားဆန္ဒကို ဦးစား ပေး၊MRCS/ICRC ရန်ကုန်ရုံးချုပ်အကြံ မောင်တောပြည်သူ လက်မခံ စသည့် ကြွေးကြော်သံများ ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြသည်။

မောင်တောမြို့တွင်းရှိ မြို့မကျောင်းပရိယတ္တိစာသင်တိုက်၌ စုရပ်ပြုလုပ်ပြီး ICRC သို့ ချီတက်ရာတွင် ဆန္ဒပြသူများကို ICRC ရုံးသို့ မရောက်မီ လုံခြုံရေးရဲ တပ်ဖွဲ့ဝင်များက ကြားဝင် ဟန့်တားခဲ့ကြောင်း သိရသည်။

သို့အတွက် ICRC ရုံးသို့ မရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန္ဒပြကန့်ကွက်မှုနှင့် ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာနမှ ICRC စစ်တွေရုံးသို့ မေးခွန်း (၃) ခု မေးမြန်းခဲ့ရာ ၎င်းမေးခွန်းများ အပေါ် ICRC တာဝန်ရှိသူများက ယခုလို ဖြေကြားသည်။

မေး- စက်တင်ဘာလ (၁၀) ရက်နေ့က နယ်စပ်မျဉ်းဟိုမှာဘက်မှာ ရှိနေတဲ့လူတွေကို ICRC က ဒီဘက်ကနေ အကူအညီပေးမယ့် အစီအစဉ်အပေါ် မောင်တောမြို့မှာ ဆန္ဒပြကြတာနဲ့ ပတ်သက်ပြီး ICRC ရဲ့ အမြင်ကို ပြောပြပေးပါ။
ဖြေ- မောင်တောမြို့မှာ စက်တင်ဘာ (၁၀) ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြကြတာကို ကျွန်တော်တို့ သိရပါတယ်။ တောင်ပြိုနားက နယ်နမိတ်မျဉ်းအနီးမှာ နေတဲ့သူတွေကို အကူအညီပေးဖို့ ကြက်ခြေနီ လူပ်ရှားမှုကို တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုမှုကနေပြီး သဘောထားတင်းမာတာတွေ ဖြစ်လာတာကိုလည်းမိမိတို့နားလည်ပြီး ရပ်ရွာလူထု အသိုင်းအ၀ိုင်းထဲက လူတိုင်းရဲ့ လိုအပ်ချက်တွေနဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို မိမိတို့ဆက်ပြီး နားထောင်သွားဖို့ အရေးကြီးပါတယ်။

မေး- အကူအညီပေးဖို့ တကယ် အစီအစဉ်ရှိပါသလား။
ဖြေ- အကူအညီပေးဖို့ တောင်းဆိုထားတာနဲ့ ပတ်သက်ပြီး လက်တွေ့ ဂယက်ရိုက် လာတာတွေကို ICRC က စုံစမ်းလျက်ရှိပြီး အခြေအနေတွေကို အသိပေးသွားမှာပါ။ လုပ်ရိုးလုပ်စဉ်အရ ICRC ဟာ မိမိတို့လုပ်ငန်းများနဲ့ စပ်လျဉ်းပြီးဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အမြဲတန်းချင့်ချိန်ပါတယ်။ ပြီးတော့ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေကို အမြဲတမ်းအလေးထား လိုက်နာပါတယ်။ ဒီလို အကူအညီပေးတာမျိုးကိုသက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရပ်ရွာလူထုနဲ့ အတူ အမြဲတမ်းညှိနိုင်းဆောင်ရွက်ပါတယ်။

မေး- သူတို့ကို ဘင်္ဂလာဒေ့ရှ်ဘက်ကနေ အကူအညီတွေ ပေးနေပါလျက်နဲ့ ဘာကြောင့် မြန်မာဘက်ကနေ အကူအညီ ပေးဖို့ ဖြစ်လာရတာပါလဲ။
ဖြေ- ဒါဟာ နယ်စပ်ရေးရာ ကိစ္စနဲ့ သက်ဆိုင်တဲ့ အတွက် ဘင်္ဂလာဒေ့ရှ်နဲ့ မြန်မာအစိုးရတွေက ပြောဆိုရမဲ့ ကိစ္စဖြစ်ပါတယ်။

(ဓာတ်ပုံ- မူလပိုင်ရှင်များသို့ Credit ပေးပါသည်။)