Advertising
English News

မောင်တော-သင်္ဘောကွေ့ရွာမှ အတင်းမောင်းထုတ်ခံခဲ့ရသည့် ကျေးရွာသားများ အရေးပေါ် အကူအညီလိုအပ်နေ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇူလိုင် ၁၀

36896918_1994303970581670_6511529737699983360_n

ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းက အိမ်များ ဖြိုဖျက်ခံခဲ့ရပြီး နေအိမ်များမှ အတင်း မောင်းထုတ် ခံခဲ့ရသည့် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာမှ ကျေးရွာသားများအတွက် အရေးပေါ် အကူအညီလိုအပ်နေသည်ဟု သတင်းရရှိရသည်။

သင်္ဘောကွေ့ကျေးရွာ ဖြိုဖျက်ခံရပြီးနောက် အဆိုပါကျေးရွာတွင် နေထိုင်ခဲ့သည့် မိသားစုထဲမှ မိသားစု ၄၉ စု ၊ လူဦးရေ ၁၈၀ သည် ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေကြပြီး၊ ကျန်မိသားစု ၂ စုမှာ အင်းဒင်ကျေးရွာသို့ ရောက်ရှိသွားကြသည်ဟု သိရသည်။

သင်္ဘောကွေ့ကျေးရွာမှ လူနေအိမ်များကို ဖြိုဖျက်ရာတွင် ကျေးရွာသားများက မိမိပိုင်ဆိုင်သည့် ရိက္ခာနှင့် အခြားပစ္စည်းများကို ယူဆောင်ရန် အချိန်မရရှိခဲ့သည့်အတွက် စားဝတ်နေရေး အခက်အခဲ ရှိနေကြသည်ဟု ဆိုသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူး ပါပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ပါပါတယ်၊ ရဲတပ်ဖွဲ့ဝင် အယောက် ၁၀၀ ကျော်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ပါပါတယ်။ ကျနော်တို့ကို ခွေးလို ၀က်လို မောင်းထုတ် ပါတယ်။ ရွာဖြိုဖျက်ခံရတော့ ကျောက်ပန္ဒူကျေးရွာကို မိုးရေစိုစိုနဲ့ အ၀တ်တစ်ထည် ကိုယ်တစ်လုံးနဲ့ ထွက်ပြေးလာကြရတာပါ။ အခု စားဝတ်နေရေး အခက်အခဲရှိနေပါတယ်”ဟု ကျောက်ပန္ဒူကျေးရွာတွင် မြောက်ဦးမြို့နယ် ဇီးဇာကျေးရွာမှ ပြောင်းရွှေ့နေထိုင်သူ ဦးအောင်တင်မောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သင်္ဘောကွေ့ကျေးရွာကို မဖြိုဖျက်မီ နေအိမ်မှ ထွက်ပေးကြပါဟုသာပြောပြီး၊ မိမိပိုင် ပစ္စည်းများကိုပါ တစ်ပါတည်းယူဆောင်သွားကြပါဟု အသိပေးပြောကြားခြင်း မရှိဟု သိရသည်။

“ဒီလိုမောင်းထုတ်တဲ့အတွက် ကျေးရွာသားတွေမှာ ကျွဲတွေ၊ နွားတွေ၊ ၀က်တွေ၊ ကြက်တွေ၊ ဆိတ်တွေ၊ ဆန်နဲ့ အခြားရိက္ခာတွေပါ အိမ်မှာ ကျန်နေခဲ့ပါတယ်။ ကျနော့်မှာတော့ ဆိတ် ၇ ကောင်နဲ့ ဆွဲပိုက်တစ်လက် ကျန်ခဲ့ပါတယ်”ဟု ပြောသည်။

ဦးအောင်တင်မောင်တွင် မိသားစုဝင် ၅ ဦးရှိပြီး သင်္ဘောကွေ့ကျေးရွာတွင် တံငှာအလုပ်ကို လုပ်ကိုင်စားသောက်နေခဲ့သည်ဟု သိရသည်။

ရွာကို မဖြိုဖျက်မီ မိုးရာသီအကုန်ထိ နေခွင့်ပြုရန် ရှိခိုးတောင်းပန်သော်လည်း အာဏာပိုင်များက နားမထောင်ဘဲ ရက်ရက်စက်စက် ဖြိုဖျက်ခဲ့သည်ဟု ဆိုသည်။

“ကျွန်မတို့ အိမ်ကို ဖြိုဖျက်တဲ့အပေါ်မှာ စိတ်မကောင်း ဖြစ်မိပါတယ်။ ကျမတို့က အာဏာပိုင် တွေကို မိုးတွင်းကာလအကုန်ထိ နေထိုင်ခွင့်ပြုကြဖို့ ရှိခိုးပြီးတောင်းပန်ကြပါတယ်။ ဒါပေမယ့် ဒီမှာနေလို့ မရဘူးဆိုပြီးတော့ ဖြိုဖျက်ခဲ့ကြပါတယ်။ ကျမတို့ မိုးရေထဲမှာ မိုးရေစိုစိုနဲ့ တစ်နေကုန် နေခဲ့ကြရပါတယ်” ဟု သံတွဲမြို့နယ်မှ ပြောင်းရွှေ့လာသူ ဒေါ်ခင်အေးရွှေက ပြောသည်။

36887388_1994304430581624_639660719322693632_n

ဒေါ်ခင်အေးရွှေသည် ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာကာ မလုပ်စားချင်၍ သင်္ဘောကွေ့ ကျေးရွာသို့ မိမိသဘောဆန္ဒဖြင့် ပြောင်းရွှေ့နေထိုင်လာခြင်းဖြစ်ပြီး မိသားစုဝင် ၄ ဦးရှိသည်ဟု သိရသည်။

“ကျမမှာ ဆန်တွေကျန်ခဲ့တယ်၊ ကြက်တွေ၊နဲ့ နွား ၁၀ ကောင် ကျန်ခဲ့ပါတယ်။ အခု မိမိပိုင်တဲ့ နွားတွေကိုတောင် ပြန်မယူရဲဘဲ ဖြစ်နေပါတယ်”ဟု ဒေါ်ခင်အေးရွှေက ဆက်လက်ပြောကြားသည်။

သူမအနေဖြင့် သင်္ဘောကွေ့ကျေးရွာတွင် ဆက်လက်နေထိုင်သွားချင်သည်ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

သင်္ဘောကွေ့ ကျေးရွာမှ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားသူ ၃ ဦးထဲမှ ဦးအောင်မြင့်ဦးနှင့် ဇနီးဖြစ်သူ ဒေါ်ဥမ္မာတို့ကို ရဲကဖမ်းဆီးသွားပြီဖြစ်ကြောင်း သိရသည်။

သင်္ဘောကွေ့ကျေးရွာ ဖြိုဖျက်ခံရမှုနှင့် ပတ်သက်၍ သဘောထားများကို သိရှိစေရန် မောင်တောမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကို ဆက်သွယ်ရာ စစ်တွေသို့ ရောက်ရှိနေ၍ အခြေအနေအသေးစိတ်ကို မသိရှိရကြောင်း ပြောကြားသည်။

မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နောက်တစ်ဦးဖြစ်သူ ဦးထွန်းလှစိန်ကို ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “အစိုးရတစ်ရပ်အနေနဲ့ မိုးရာသီထဲမှာ ဒီလိုဖြိုပျက်လိုက်တာဟာ နိုင်ငံသားတွေ အပေါ်မှာ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိတဲ့ သဘောသက်ရောက်နေပါတယ်။ မီးလောင်ပြင်မှာ အိမ်ဆောက်လုပ်ခွင့် မရှိဘူးဆိုပေမယ့် ဘူးသီးတောင်မြို့နယ် ဂူတာပြင် ကျေးရွာ မီးလောင်ပြင် ဘင်္ဂါလီတွေ အိမ်ဆောက်နေတာ နေ အိမ် ၇၆ အိမ်ရှိနေပါပြီ။ ဘယ်သူမှ သွားပြီးဖြိုဖျက်တာကို ဒီနေ့အချိန်ထိ မကြားသိရသေးပါဘူး”ဟု ပြောသည်။

သင်္ဘောကွေ့ကျေးရွာကို ဖြိုဖျက်မှုနှင့်ပတ်သက်၍ အခြားပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များနှင့် ညှိနှိုင်းတိုင်ပင်ပြီးမှ အဖြေတစ်ခုကို ရနိုင်လိမ့်မည်ဟု ဦးထွန်းအောင်သိန်းက ပြောကြားသည်။

ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သူများစားသောက်ရန်အတွက် ယခုလက်ရှိတွင် ကျောက်ပန္ဒူကျေးရွာသားများမှ ယာယီကူညီထားကြပြီး သူတို့အတွက် အစားအစာ၊ ဆေးဝါးနှင့် အ၀တ်အစားများ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။

(ဓာတ်ပုံ-သင်္ဘောကွေ့ကျေးရွာမှ အတင်းမောင်းထုတ်ခံခဲ့ကြသူများ)