English News

မောင်တော ကျောက်ပန္တူရွာတွင် ဥာဏ်တော်၂၇ ပေအမြင့်ရှိ ထိုင်တော်မူဘုရားတစ်ဆူ အဓိဌာန်ဆရာတော်တည်ထားမည်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇန်န၀ါရီ ၎

26166122_1784354328243303_477209975054394815_n

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တူကျေးရွာအနီး တောင်ကုန်းပေါ်၌ ဥာဏ်တော် ၂၇ ပေအမြင့် လောကချမ်းသာဘုရား အမည်ရှိ ထိုင်တော်မူ ဘုရားတစ်ဆူကို ကမ္ဘာ့ဗုဒ္ဓသာသနာပြု မဟာဇေယျသိဒ္ဒိ အဓိဌာန်ဆရာတော်ကြီး ဘဒ္ဒန္တ ကုလရက္ခိတက တည်ထား ကိုးကွယ်မည်ဟု သိရသည်။

အဆိုပါရုပ်ပွားတော်ကို တည်ထားကိုးကွယ်နိုင်ရန်အတွက် မြေနေရာကြည့်ရှုရန် ၂၀၁၇ ခု ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျောက်ပန္တူကျေးရွာသို့ အဓိဌာန် ဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ကြည့်ရှုခဲ့ရာ ကျေးရွာ ဘုန်းတော်ကြီးကျောင်းနံဘေးရှိ တောင်ကုန်းကို မြေနေရာ သတ်မှတ်ခဲ့ပြီး လာမည့် တပေါင်း (မတ်) လတွင် ပန္နက်ရိုက် အုတ်မြစ်ချမည် ဖြစ်သည်။

“မောင်တောဆရာတော် ဦးကေတု တပည့် ဆရာတော်က မောင်တောမြို့နယ် ကျောက်ပန္တူကျေးရွာ အနီးမှာ ဥာဏ်တော် ၂၇ ပေအမြင့်ရှိ ဘုရားတစ်ဆူ တည်ထား ကိုးကွယ်ချင်တယ်လို့ လာလျှောက်တယ်။ ဆရာတော်လည်း ဘုရားတည်တာ ၀ါသနာရှိတော့ တည်ထားပေးမယ်လို့ ပြန်ပြီးမိန့်ကြားလိုက်တယ်”ဟု မဟာဇေယျသိဒ္ဒိ အဓိဌာန်ဆရာတော်ကြီးက နိရဉ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

ကျောက်ပန္တူတွင် တည်ထားကိုးကွယ်မည့် ထိုင်တော်မူဘုရားသည် ဥာဏ်တော် ၂၇ ပေ၊ ပလ္လင်မြင့် ၄ ပေခွဲရှိမည်ဖြစ်ပြီး ပလ္လင်အပါအ၀င် ဥာဏ်တော်အမြင့်မှာ ၃၁ ပေခွဲ ရှိမည်ဖြစ်သည်။

“အများသူငါ ကုသိုလ်ပွားများနိုင်ဖို့အတွက် တည်ထားကိုးကွယ်မှာ ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ ဥာဏ်တော်ကြီးမားတဲ့ ရုပ်ပွားတော်မရှိဘူး။ ရုပ်ပွားတော် တစ်ဆူ တည်ထားလိုက်ရင် ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ဖူးမျှော်ခွင့်ရလို့ရှိရင် စိတ်ကြည်လင်ချမ်းမြေ့ပြီး ကုသိုလ်ပွားများနိုင်မှာ ဖြစ်ပါတယ်”ဟု မဟာဇေယျသိဒ္ဒိ အဓိဌာန်ဆရာတော်ကြီးက မိန့်ကြားသည်။

ဗုဒ္ဓရုပ်ပွားတော်ကို လောကချမ်းသာဟု မှည့်ခေါ်ရခြင်းမှာ ပတ်ဝန်းရှိ ကျေးရွာသားများတွင် ဆင်းရဲသားများ ပိုများကြောင်း၊ အဆိုပါဒေသရှိ ကျေးရွာသားများ ချမ်းသာကြစေရန်အလို့ငှာ မှည့်ခေါ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

လောကချမ်းသာဘုရားကို တည်ထားကိုးကွယ်ရန် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း ၁၀၀၀ ခန့်ရှိမည်ဟု ဆိုသည်။

မဟာဇေယျသိဒ္ဒိ အဓိဌာန်ဆရာတော်ကြီးသည် ယခုလက်ရှိတွင် နေပြည်တော်၌ ဥာဏ်တော် အမြင့် လက်တောင် ၉၀ ရှိ ရန်အောင်ချမ်းသာ ဘုရားတစ်ဆူကို တည်နေပြီး၊ ဗုဒ္ဓပွင့်တော်မူရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၌လည်း ဥာဏ်တော်အမြင့် လက်တောင် ၈၀ ရှိ ကြံတိုင်းအောင် ဘုရား တစ်ဆုကိုလည်း တည်ထားကိုးကွယ်သွားမည်ဟု သိရှိရသည်။