English News

ရေအားလျှပ်စစ်ထုတ်လုပ်ရန် မယူကမ်း အထက်နန်းရာချောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်စစ်ဆေး

နိရဉ္စရာ၊ သြဂုတ် ၁၂

20840646_1614714055207332_1084394768148577027_n

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူတောင်တွင် တည်ရှိသည့် အထက်နန်းရာချောင်းကို ရေအားလျှပ်စစ် ဓာတ်အား ထုတ်ယူ၍ ရနိုင်ခြေ ရှိမရှိကို စစ်ဆေးရန် လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်အတူ ယနေ့တွင် အဆိုပါ ချောင်းကို ကိုယ်တိုင် သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့သည်ဟု သိရသည်။

“ ဒီကနေ့ ကျွန်တော်နဲ့ အတူ သွားကြတဲ့ အထဲမှာ ပြည်ထောင်စု လျှပ်စစ်အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်၊ ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာချုပ်တို့အပါအ၀င် ခရိုင်၊ မြို့နယ်က တာဝန်ရှိတဲ့ အင်ဂျင်နီယာမှူးတွေ ပါဝင်ပြီး အဲဒီအထက်နန်းရာချောင်းကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်” ဟု ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်မှ နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

တိုင်းတာ စစ်ဆေးချက်အရ အထက်နန်းရာချောင်းမှ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ် ရယူနိုင်သည့် အခြေအနေရှိပြီး လာမည့် သြဂုတ် ၁၅ ရက်နေ့တွင် အင်ဂျင်နီယာ တစ်ဖွဲ့မှ လာရောက် တိုင်းတာစစ်ဆေးမှုများ ပြုလုပ်မည်ဟု ဆိုသည်။

20767697_1614714891873915_8513173670408355770_n

“ အခု အစီအစဉ်က မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေး အစီအစဉ်အရ လာရောက် တာပါ။ ရသေ့တောင်မြို့ပေါ်ကို ၂၀၁၈ ဒီဇင်ဘာလမှ လျှပ်စစ်မီးရမယ်ဆိုတော့ ဒီဒေသကိုလည်း လျှပ်စစ်မီး အလားတူ ရစေချင်တဲ့ အတွက် နိုင်ငံတော် မဟာဓာတ်အားလိုင်းမှ မဟုတ်ဘဲ တစ်ခြား ဒေသအတွင်းကနေ ရေအားလျှပ်စစ်နဲ့ကော ထုတ်လုပ် ရယူနိုင်မလားဆိုပြီး လာရောက် လေ့လာ စစ်ဆေးတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အထက်နန်းရာချောင်းသည် စေတီပြင်နယ်မြေ ချွတ်ပြင်နှင့် အထက်နန်းရာ အကြား မယူတောင်တွင် တည်ရှိပြီး နွေရာသီတွင်လည်း ရေမခမ်းခြောက်သည့် ချောင်းတစ်ချောင်း ဖြစ်သည်။

အထက်နန်းရာချောင်းမှ ရေအားလျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ပါက မယူကမ်းရှိ ကျေးရွာအများအပြားကို ဈေးနှုးန်း ချိုသာစွာဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မည်သာမက ၎င်းမေယူ ဒေသသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

“ အဓိကတော့ ခုလို လျှပ်စစ်မီးရလာရင် ဒီဒေသ တိုးတက်လာမယ်။ စက်မှု၊ လက်မှု လုပ်ငန်းတွေ လုပ်ကိုင်လာနိုင်မယ်။ ပြီးရင် လျှပ်စစ်မီးကို အသုံးပြုခွင့်ရလာတဲ့ အတွက် ထင်းအစား လျှပ်စစ်ကို အသုံးပြုလာနိုင်တဲ့ အတွက် သစ်တောပြုန်းတီးမှုတွေ သက်သာသွားနိုင်ပါတယ်” ဟု ယနေ့ အထက်နန်းရာချောင်းကို သွားရောက်ပြီး စစ်ဆေးခဲ့ရာတွင် ပါဝင်ခဲ့သူ ဦးဦးကျော်ဝင်းက ပြောကြားသည်။

(ဓာတ်ပုံ- လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်)