Advertising
English News

မြောက်ဦးမြို့နယ် င/စွယ်ကန် ချောင်းကူးတံတားအရည်အသွေး မပြည့်မီဟုဆိုကာ ကျေးရွာသားများကန့်ကွက်

46731082_255327831812435_2391403520868745216_n

နောင်ခိုင်အောင်(မြောက်ဦး)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်တွင် တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သော အရှည်ပေ ၁၀၀ ရှိ ငစွယ်ချောင်းကို ဖြတ်သန်း ထိုးထားသည့် တံတားမှာ အရည်အသွေး မပြည့်မီသဖြင့် ဒေသခံကျေးရွာသားများ၏ ကန့်ကွက်မှု ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။

၎င်းတံတားမှာ ပြလှကျေးရွာ၊ င/စွယ်ကန်ကျေးရွာနှင့် ကုလားချောင်းကျေးရွာတို့အား ဆက်သွယ်ဖောက်လုပ်ထားသည့် င/စွယ်ချောင်းတံတားဖြစ်သည်။

” အဲဒီတံတားက တော်တော်လေးကိုဆိုးဆိုးရွားရွားဖြစ်နေပါတယ်။ တိုင်တွေဟာ ဘိလပ်မြေတွေကွာပြီးတော့ သံတိုင်စိုက်ထားတာတွေရော သံခွေတွေရော ဒီအတိုင်း မြင်နေရပါတယ်။ ဒီအတိုင်းဆိုရင် ကျနော်တို့အတွက် တော်တော်လေးကို စိုးရိမ်စရာဖြစ်နေပါတယ် “ဟု ကုလားချောင်းကျေးရွာမှ ဦးကျော်သာဇံက ပြောသည်။

မြောက်ဦးမြို့နယ် QC (Quality Control) အရည်အသွေး စစ်ဆေးသူ ဦးရွှေကျော်ဦးက ” ကျနော့်အတွေ့အကြုံအရပြောရမယ်ဆိုရင် ဒီတံတားကို လက်ခံနိုင်စရာအကြောင်းမရှိဘူး။ တော်တော်လေးကို ဆိုးပါတယ်။ အဲဒါကြောင့် ကျနော်ပြောချင်တာက ကုမ္မဏီအနေနဲ့ ရွာသားတွေကျေနပ်တဲ့အထိလုပ်ပေးပါလို့ပြောချင်ပါတယ်” ဟု ပြောသည်။

အဆိုပါတံတားကိစ္စနှင့် ပတ်သက်ပြီး တာဝန်ယူဆောက်လုပ်ထားသည့် စိုးဝင်းဘရားသားကုမ္မဏီအား ဆက်သွယ် မေးမြန်းရာ ဒေသခံကျေးရွာသားများဘက်မှ ကျေနပ်သည်အထိ ပြုပြင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။

” အားနည်းချက်ရှိတာကို ကျနော်တို့ဘက်က ဝန်ခံပါတယ်။ ကွာလတီ အရည်အသွေး မမီလို့ ဖြစ်သွားတာမဟုတ်ဘူးဆိုတာကိုတော့ အာမခံပြောဝံ့ပါတယ်။ ကျနော်တို့ဆောက်လုပ်တဲ့အချိန်မှာ မိုးရေကများတဲ့အတွက်ကြောင့် ရေတွေတိုက်စားပြီးအခုလိုဖြစ်သွားတာပါ။ ကျနော်တို့အနေနဲ့လည်း ရွာသားတွေကျေနပ်တဲ့အထိပြုလုပ်ပေးသွားမှာပါ “ဟု တံတားကို တာဝန်ခံဆောက်လုပ်ခဲ့သည့် အင်ဂျင်နီယာ ဦးထွန်းထွန်းအောင်က ပြောသည်။

အဆိုပါ တံတားကိစ္စနှင့်ပတ်သက်၍ အနောက်ရန်ကာ ဘုရားရင်ပြင်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ်ကလည်း မြောက်ဦးမြို့နယ် မဲဆန္ဒအမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်၊ အမှတ် (၂ ) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးကျော်ဝင်အပါအဝင် ကုမ္မဏီမှတာဝန်ရှိသူများ၊ တံတားစစ်ဆေးရေးအဖွဲ့နှင့် ဒေသခံကျေးရွာသားတို့ က ဆွေနွေးခဲ့ကြသည်ဟု သိရသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ” ဒီတံတားက ပြန်ပြီးတော့ အသစ်တည်ဆောက်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ ဆိုတော့ ဒီတံတားကို အချိန်ကာလတစ်ခုအတွင်းမှာ ခိုင်ခန့်မှုရှိအောင် အပြီးအစီးလုပ်ပေးဖို့ဘဲ လိုပါတယ်။ ဒီအတွက် ကုမ္မဏီနဲ့ QC ဘက်က တာဝန်ယူသွားတဲ့အတွက်ကြောင့် ကျနော်တို့ကလည်း ဒေသခံတွေအတွက် တပိုင်းတစ လုံခြုံမှုရှိသွားပြီးလို့ မှတ်ယူပါတယ် ” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

အဆိုပါတံတားကို စိုးဝင်းဘရားသားကုမ္မဏီမှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ပြီး အရှည်ပေ ၁၀၀၊ အမြင့်ပေ ၂၀ နှင့် အနံပေ ၁၈ ပေ ရှိကြောင်း သိရသည်။