Advertising
English News

ပြည်နယ်တရားလွှတ်တော်မှ သူ့အမှုကို ပင်လုံညီလာခံမတိုင်မီ ပယ်ဖျက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ယနေ့ရုံးထုတ်လာစဉ် ဒေါက်တာအေးမောင်ပြော

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ မေ ၁၆

32563471_1924499077562160_4662589081761349632_n

ရခိုင်အမျိုးသား နိုင်ငံရေးခေါင်းဆောင်လည်းဖြစ်၊ ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါက်တာအေးမောင်က သူ့အား တရားစွဲထားသည့် အမှု ၃ ခုလုံးကို ရခိုင်ပြည်နယ် တရားလွှတ်တော်က တတိယ အကြိမ် ပင်လုံညီလာခံ မတိုင်မီ ပယ်ဖျက် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

အမှု ၃ ခုဖြင့် တရားစွဲခံထားသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ရခိုင်ပြည်နယ် စစ်တွေခရိုင်တရားရုံးတွင် ယနေ့နံနက်က (၁၁) ကြိမ်မြောက် ရုံးထုတ်လာစဉ် ဒေါက်တာအေးမောင်က မီဒီယာများအား ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အစကတည်းက ပြောပါတယ်။ ဒီပြစ်မှု ၃ ခုလုံးကို ကျနော် မကျူးလွန်ဘူး။ ကျနော်တို့ကလည်း ပြည်နယ် တရားလွှတ်တော်ကို တင်တယ်။ ပြည်နယ်တရား လွှတ်တော်ကလည်း အကောင်းဆုံး ဆုံးဖြတ်ပေးနိုင်လိမ့်မယ်လို့ ထင်တယ်။ ပင်လုံမတိုင်ခင် အဆုံးဖြတ်တစ်ခု ရမယ်လို့ ကျနော်ခန့်မှန်းပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။

အမှု ၃ ခုကို ပယ်ဖျက်ပေးရန် ကိစ္စမှာ ပြည်နယ်တရားလွှတ်၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်သွားပြီဟု သူက ဆက်လက် ပြောဆိုသည်။

“ မေလ ၃ ရက်နေ့က လျှောက်လဲချက်ပေးတဲ့ အခါမှာလည်း ကျနော်တို့ဘက်က စီရင်ထုံးကို ကိုးကားပြီးတော့ တော်တော် တင်ပြခဲ့တာရှိပါတယ်။ ဒီအမှု ၃ ခု လုံးကို ပယ်ဖျက်ပေးဖို့ ကျနော်တို့ တင်ထားတာကို လက်ခံနိုင်ပြီလို့ ကျနော်တို့ ယုံလည်း ယုံကြည်တယ်။ ပြည်သူလူထုကလည်း ယုံကြည်တယ်လို့ ကျနော် နားလည်ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

အသစ်တက်လာသည့် သမ္မတဦးဝင်းမြင့်ကလည်း မတရားသဖြင့် ဖမ်းဆီးခံရပြီး အကျဉ်းထောင်ထဲတွင် ရောက်ရှိနေသူများကိုပါ လွတ်ပေးရန် ပြောကြားထားသည်ဟု ဆိုသည်။

32721324_1924499227562145_6277775820492636160_n

“ကျနော်တို့ကို ပုဒ်မ ၃ ခုနဲ့ တရားစွဲထားတာဟာ ပုဒ်မ ၂၂ ကို ဆန့်ကျင်တယ်။ စကားရပ် အနက် အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အစိုးရကလိုက်နာဖို့ လိုတယ်။ ပြည်ထောင်စုအစိုးရက လိုက်နာ သလို ပြည်နယ်အစိုးရကလည်း အလေးအနက်ထားဖို့လိုတယ်။ အဲ့ဒီဥပဒေအရဆိုရင် ပြည်နယ်အစိုးရက ကျနော်တို့ကို ပုဒ်မ ၃ ခုနဲ့ ဖွင့်လို့ကို မရဘူး။ တစ်ခုနဲ့ပဲ ဖွင့်ရမယ်။ အဲ့ဒီတော့ ၃ ခု နဲ့ ဖွင့်ထားတာဟာ မတရားသဖြင့် ထောင်ချုပ်ထဲမှာ အထားခံနေရတဲ့ သဘောဖြစ်တယ်။ နိုင်ငံတော် သမ္မတကြီးရဲ့ ပြောကြားချက်နဲ့ ဆန့်ကျင်နေတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။

နောက် တစ်ပတ် ရုံးချိန်းကို မေလ ၃၀ ရက်နေ့ကို သတ်မှတ်လိုက်သည်ဟု သိရသည်။