English News

ပြန်လည်နေရာချထားရေးကို အသေအချာစိစစ်လုပ်ဆောင်ရန်လိုအပ်ကြောင်း ဒေါက်တာအေးချမ်းပြော

နိရဉ္စရာ၊ အောက်တိုဘာ ၎

22090013_1693164094028994_3114347566773326545_n

အစိုးရ အနေဖြင့် ထွက်ပြေးတိမ်းရှောင်သွားသည့် ဘင်္ဂလီလူမျိုးများအား ပြန်လည်နေရာချထားရေးကို လုပ်ဆောင်ရာတွင် အသေအချာ စိစစ် လုပ်ဆောင်ရန် လိုအပ်ကြောင်း အနောက်ဘက်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်ပြု ကော်မတီ (ယာယီ) ဥက္ကဋ္ဌ ဒေါက်တာအေးချမ်းမှ ထုတ်ဖော် ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် တောင်ပိုင်းသို့ သွားရောက်ပြီး အောက်တိုဘာ ၂ ရက်နေ့မှ ၃ ရက်နေ့ထိ ပြုလုပ်ခဲ့သည့် အဆိုပါ ခရီးစဉ်အတွင်း ရခိုင်လူထုများနှင့် တွေ့ဆုံမှု ပြုလုပ်ပြီးနောက် နိရဉ္စရာ သတင်းဌာနမှ မေးမြန်းစဉ် ဥက္ကဋ္ဌ ဒေါက်တာအေးချမ်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ အဓိက ပြန်လည်နေရာချထားရေးကို ကျွန်တော်တို့က စဉ်းစားတာကို၊ ပြန်လည် နေရာချထားရေးကို စဉ်းစားတဲ့ အခါမှာ အနာဂတ်ကို စနစ်တကျနဲ့ အမြင်အမျိုးမျိုးကနေ ရှုမြင်သုံးသပ်ပြီးတော့ နေရာချထားပေးဖို့လိုတယ်။ အထူးသဖြင့် လူမှုရေး ၊ စီးပွာရေးနဲ့ လုံခြုံရေးအပိုင်းကိုအဘက်ဘက်က စဉ်းစားပြီးတော့ နေရာချထားဖို့လိုတယ်လို့ မြင်တယ်။ ဒါက ကျွန်တော်တို့ အဖွဲ့က မြင်တဲ့ အမြင် သဘောထား ဖြစ်ပါတယ်” ဟု ဒေါက်တာ အေးချမ်းက ပြောဆိုသည်။

၎င်းပြင် ရခိုင်လူမျိုးများအနေဖြင့် အဆိုပါ မောင်တော၊ ဘူးသီးတောင်ဒေသတွင် နှစ်ပေါင်း ၇၅ နှစ်တိတိ ကြောက်ရွံ့ စိုးရိမ်မှုများဖြင့် နေထိုင်လာရသဖြင့် စိတ်ဆင်းရဲမှုဒဏ်နှင့် စိတ်သောကများကို ဖြေလျော့နိုင်မည့် အာမခံချက် တစ်ခုခုကို ပေးနိုင်သည့် ပြန်လည်နေရာချထားရေးမူမျိုးကိုသာ လိုလားသည်ဟု ပြောဆိုကြကြောင်း၊ ရခိုင်လူထု အနေဖြင့် အနာဂတ်တွင် လူမျိုးခြားများ ၏ ရန်စမှု၊ ကျူးကျော်မှု၊ စော်ကားမှုတိကို ဆက်ပြီး သည်းခံနိုင်စွမ်း မရှိတော့ကြောင်း၊ ၄င်းအန္တရာယ်များကို ကာကွယ်နိုင်မည့် အာမခံချက် မရရှိလျင် ဆက်နေဖို့ အခက်အခဲရှိကြောင်း ပြောဆိုကြဟု သူက ပြောဆိုသည်။

22154140_1693165047362232_5433633708741009490_n

“ ကျွန်တော်တို့ အနေနဲ့ ပြန်လည်နေရာချထားရေးကို အသေအချာ စိစစ်ပြီး စနစ်တကျ မလုပ်ရင် ဒီဒေသ တည်ငြိမ် အေးချမ်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် အစိုးရအနေနဲ့ ဘင်္ဂလီလူမျိုးတွေကို ပြန်လည် လက်ခံမယ်ဆိုရင် လက်မခံခင် စနစ်တကျ လေ့လာ သုံးသပ်မှုတွေကို အသေအချာ ပြုလုပ်ဖို့ လိုပါလိမ့်မယ်” ဟု သူက ပြောကြားသည်။

ယခု မောင်တောခရီးစဉ်အား ကျေနပ်အားရမှုရှိကြောင်း၊ ဒေသအခြေအနေကို ယခု ခရီးစဉ်အတွင်း ခြုံငုံ သဘောပေါက်ခဲ့သဖြင့် အောင်မြင်သည့် ခရီးစဉ်ဟု ယူဆကြောင်း ဒေါက်တာ အေးချမ်းက ပြောဆိုသည်။

ဒေါက်တာ အေးချမ်းနှင့် အဖွဲ့ကို ကိုယ်တိုင် တင်ပြခဲ့သူ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှ အရပ်လူကြီး တစ်ဦးဖြစ်သူ ဦးစံလှိုင်မှ မိမိတို့ကျေးရွာသားများအနေဖြင့် အကြိမ်ကြိမ် အလီလီ ဘင်္ဂလီကျေးရွာသားများ၏ ရန်စ ကျူးကျော်စော်ကားမှုကို နှစ်နှင့် ချီပြီး ခါးစည်း ခံခဲ့ရပြီ ဖြစ်ကြောင်း၊ အင်ဒင်ကျေးရွာအနီး ဘင်္ဂလီကျေးရွာများကို ပြန်လည်တည်ဆောက်ပေးမည်ဆိုပါက မိမိတို့ကျေးရွာသားများ၏ ဆန္ဒသဘောထားမှာ ဤကျေးရွာမှ စွန့်ခွာကြရန် ဆုံးဖြတ်ထားကြောင်း၊ ကြောက်ရွံ့ စိုးရိမ်စိတ်ဖြင့် နောက်ထပ်တစ်ကြိမ် ဤဒေသတွင် နေထိုင်ရန် မဖြစ်နိုင်ကြောင်း ပြောကြားသည်။

ဒေါက်တာအေးချမ်း ဦးဆောင်သည့် အနောက်ဘက်ဒေသ ရခိုင် အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်ပြု ကော်မတီ (ယာယီ)မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၂ ရက်နေ့မှ သုံးရက်နေ့ထိ ပြုလုပ်သည့် ခရီးစဉ်အတွင် မောင်တောမြို့နယ်တောင်ပိုင်းအင်ဒင်ရွာသူ ရွာသားများနှင့်လည်းကောင်း၊ မောင်တောမြို့ပေါ်မှ ရပ်မိ ရပ်များနှင့်လည်းကောင်း၊ ကြိမ်းချောင်းရွာသူ ရွာသားများနှင့်လည်းကောင်း၊ ARG မှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

(အင်ဒင်ကျေးရွာသားများနှင့် တွေ့ဆုံနေစဉ်)