English News

မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့ အား ဧပြီ ၂၄ ရက်နေ့ ရုံးတင်ပြီး ရမန်ယူမည်

ရွှေရအောင်(တောင်ကုတ်)

နိရဉ္စရာ၊ ဧပြီး ၁၂

17909454_410464199327818_2122870641_n

ရက္ခိုင့်တပ်မတော် AA (၈) နှစ်ပြည့် အထိမ်းအမှတ်နေ့ အဖြစ် ဘောလုံးပွဲ ကျင်းပသဖြင့် ဖမ်းဆီးခံထားရသူ မြောက်ဦး မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့ နှစ်ဦးအား လာမည့် ဧပြီ ၂၄ ရက်နေ့တွင် ရုံးတင်ပြီး ရီမန်ယူပြီး အမှုဖွင့် စစ်ဆေးမည်ဖြစ်ကြောင်း စစ်တွေ အမှတ်(၁) ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

သူတို့နှစ်ဦးအား လက်ရှိ အချိန်တွင် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ ဖြင့် တရားစွဲဆိုထားသည်။

မြောက်ဦးမြို့ အခြေစိုက် ခမရ  ၅၄၀ တပ်ရင်းမှ ဗိုလ်မှူးဝင်းကျော်က အမှုဖွင့် တိုင်ကြားခဲ့သဖြင့်  မြောက်ဦးမြို့မ ရဲစခန်းမှ ဖမ်းဆီးကာ စစ်တွေထောင်သို့ ပို့ဆောင်ခဲ့သည်။

“ အခုအချိန်ထိ ဘယ်မြို့နယ် တရားရုံးမှာ အမှုဖွင့် စစ်ဆေးမယ်ဆိုတာ မသိရသေးပါဘူး” ဟု ၄င်း ရဲအရာရှိက ပြောကြားသည်။

ယခုကဲ့သို့ ဖမ်းဆီး ဆောင်ရွက်ခြင်းသည် လူထုအုံကြွမှုကို ပိုမိုဖြစ်စေကြောင်း ၎င်းအခမ်းအနားကို ဦးဆောင် ကျင်းပ သူများထဲမှ တစ်ဦးအပါအ၀င်ဖြစ်သည့် ကျောက်တော်မြို့နယ်မှ ဦးဇော်ဝင်းက နိရဉ္စရာသို့ ပြောသည်။

17909200_410463915994513_2027698071_n

“တန်းတူရေးမရှိတဲ့ ကျနော်တို့လူမျိုးတွေဟာ မိမိအားသန်ရာအားသန်ရာနဲ့ ပြုပြင်ပြောင်းလဲနေကြပါတယ်။ ခုလိုဖမ်းဆီးတာဟာ လူထုအုံကြွမှုတစ်ရပ်ကို အစိုးရကိုယ်တိုင်က၊ အာဏာရှိသူတွေကိုယ်တိုင်က ပုံဖော် နေတယ်လို့မြင်ပါတယ်။ အဲဒါကြောင့် အာဏာကိုဟန်ပြရယူထားတဲ့ အစိုးရသော်လည်းကောင်း၊ အာဏာကို မောင်ပိုင်စီးထားတဲ့ စစ်တပ်သော်လည်းကောင်း ခုလိုလုပ်ရပ်မျိုးကို မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အဲလို မဟုတ်ရင် လူထုအုံကြွမှုကြီးဖြစ်ကိုဖြစ်လာမှာပါ” ဟုနိရဉ္စရာသို့ပြောသည်။

မြတန်ဆောင်း ဆရာတော်နှင့်  ခိုင်နီမင်းတို့အတွက် ရှေ့နေ့များ စီစဉ်မှုများ မရှိသေးကြောင်း၊ ဧပြီလ ၂၃ ရက်နေ့တွင်  မြတန်ဆောင်း ကျောင်း  အစည်းဝေးကျင်းပကာ အကောင်းဆုံးဖြစ်အောင်ရင်ဆိုင် သွားမည်ဖြစ်ကြောင်းဖြင့်လည်း  ဦးဇော်ဝင်းမှ ဆက်လက် ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် စတင် ဖြစ်ပွားခဲ့သော  AA နှင့် တိုက်ပွဲများကြောင့်   ၁၇(၁)၊ ၁၇ (၂) တို့ဖြင့် ဖမ်းဆီးခံရသူ ၅၈ ဦးထိရှိနေပြီး သူတို့ကို စစ်တွေထောင်၊ ကျောက်ဖြူထောင်၊ သံတွဲထောင် တို့တွင် ချုပ်နှောင်ထားသည်ဟု သိရသည်။