English News

မြတန်ဆောင်းဆရာတော် လွတ်မြောက်ရေး ဧပြီ ၂၁ ရက်နေ့ ဆန္ဒပြတောင်းဆိုမည်

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဧပြီ ၁၈

17991939_1498161840195888_8966532000304659080_n

ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်ဖြင့် ဘောလုံးပွဲကျင်းပခဲ့၍ ဖမ်းဆီးခံနေရသည့် မြောက်ဦးမြို့မှ မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ပြန်လည်လွတ်မြောက်ရေးအတွက် ဧပြီလ ၂၁ ရက်နေ့(သောကြာနေ့)တွင် ဆန္ဒပြတောင်းဆိုရန် ဆုံးဖြတ်လိုက်သည်ဟု ဦးဆောင်သူများထံမှ သိရသည်။

ယင်းသို့တောင်းဆိုနိုင်ရန် ဧပြီလ ၁၈ ရက်နေ့(ယနေ့)နေ့လယ်ပိုင်းက မြောက်ဦးမြို့ရှိ မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မြို့ခံများအပါအဝင် ကျောက်တော်နှင့် မင်းပြားမြို့များမှ သံဃာတော်တချို့နှင့် ဒေသခံစုစုပေါင်း ၅ဝဝ ခန့်စုဝေး ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ဆန္ဒပြနိုင်ဖို့အတွက် မြို့ခံ ဦးမြသာထွန်းက ဦးဆောင်ပြီးတော့ မနက်ဖြန် ခွင့်ပြုချက်တင်မယ်။ ခွင့်ပြုချက်မကျရင်လည်း ဆန္ဒပြပွဲဖြစ်အောင်လုပ်မယ်”ဟု ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုအမ်းသားကြီးက နိရဉ္စရာသို့ပြောသည်။

ဆန္ဒပြတောင်းဆိုပွဲကို ဧပြီလ ၂၁ ရက်နေ့မွန်းလွဲပိုင်းတွင် မြတန်ဆောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ စတင်ကာ မြောက်ဦးမြို့အား လှည့်ပတ်ကာ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ပြီး မြတန်ဆောင်းကျောင်းတွင် ပြန်လည်စုဆုံ၍ဟောပြောခြင်းများနှင့် အဆုံးသတ်သွားမည်ဟုလည်း ဆိုသည်။

ယင်းအပြင် ယနေ့တွေ့ဆုံပွဲတွင် လူ ၄၅ ဦးပါဝင်သော မြတန်ဆောင်းဘုန်းတော်ကြီး သင် ပညာရေး ကျောင်းပံ့ပိုးရေးကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြပြီး ကော်မတီအနေဖြင့် မြတန်ဆောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများ၏ ပညာရေး ဖွံ့ဖြိုးရေးနှင့် ကျောင်းအတွက် လိုအပ်သည်များကို ဘဏ္ဍာငွေရှာဖွေ၍ ကူညီပံ့ပိုးပေးသွားမည်ဟုလည်း ကော်မတီဦးဆောင်သူများက ပြောသည်။

“မတော်မတရားလုပ်တာခံနေရတာကို ကျနော်တို့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ ကိုယ့်မြို့မှာမဟုတ်ပေမယ့် ဘယ်နေရာကမဆို နိုင်တဲ့နေရာကနေ ပူးပေါင်းပါဝင်သင့်တယ်လို့ယူဆတဲ့အတွက် အခုလို ကော်မတီမှာ ပါဝင်ဖြစ်ခဲ့တာပါ “ဟု အဆိုပါကော်မတီဦးဆောင်အဖွဲ့ဝင် ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက နိရဉ္စရာသို့ ပြောသည်။

လက်ရှိတွင် မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မူလတန်းမှ အထက်တန်းအထိ ပညာသင်ကြားနေကြသော ကျောင်းသူ၊ ကျောင်းသား ၂၁ဝ ကျော်ရှိနေသည်ဟုလည်း သိရသည်။

မြတန်ဆောင်းဘကကျောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့သည် ဧပြီလ (၁ဝ)ရက်နေ့တွင် ကျရောက်ခဲ့သည့် (၈)နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဧပြီလ ၈ ရက်နေ့က ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်ဖြင့် ဘောလုံးပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းသို့ကျင်းပခြင်းသည် မတရားအသင်းအက်ဥပဒေနှင့်ငြိစွန်းသည်ဟုဆိုကာ ဆရာတော်နဲ့ ကိုခိုင်နီမင်း တို့ကို မြောက်ဦးမြို့မရဲစခန်းက ဧပြီလ ၁၀ ရက်နေ့တွင်ဖမ်းဆီးခဲ့ခြင်းပြီး မြောက်ဦး အခြေစိုက် ၅၄ဝ တပ်ရင်းက ပုဒ်မ ၁၇(၁)၊ ၁၇(၂) တရားစွဲဆိုခဲ့သည်။

ဧပြီလ ၂၄ ရက်နေ့တွင် ရုံတင်ပြီး စစ်ဆေးရန် ရမန်ယူမည်ဟု သိရသည်။

(ဓာတ်ပုံ- မြတန်ဆောင်းကျောင်းတွင် ဧပြီ ၁၈ ရက်နေ့ လူထု အစည်းအဝေး ကျင်းပနေစဉ်)