Advertising
English News

မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် တပ်ဖွဲများ နတ်မြစ်တွင် ပူးတွဲကင်းလှည့်

နိရဉ္စရာ၊ မတ် ၇

28783632_1850225184989550_4661296562460081613_n

မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နှစ်နိုင်ငံကို ပိုင်းခြားထားသည့် နတ်မြစ်အတွင်း ပူးတွဲကင်းလှည့်နေကြသည်ဟု သတင်းရရှိသည်။

ယခုကဲ့သို့ နတ်မြစ်အတွင်း ပူးပေါင်းကင်းလှည့်ခြင်းမှာ နယ်စပ်တွင် မြန်မာဘက်က တပ်များ တိုးချမှုကို ဘင်္ဂလာဒေ့ရှ်က ကန့်ကွက်ပြီးနောက် တစ်ပတ်အကြာတွင် နှစ်နိုင်ငံ တပ်ဖွဲ့များ၏ သဘောတူညီချက်ဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တနင်္လာနေ့ နတ်မြစ်အတွင်း မော်တော်ဘုတ်တစ်စီးဖြင့် ပူးတွဲ ကင်းလှည့်ရာတွင် မြန်မာနယ်ခြားစောင့်တပ်မှ ၃ ဦး၊ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ၁၆ ဦး ပါဝင်ပြီး ကင်းလှည့်ခဲ့ကြောင်း ဘင်္ဂလာဒေ့ရှ် ဒေသ သတင်းစာများတွင် ဖော်ပြသည်။

သို့သော် ယခု ပူးတွဲ ကင်းလှည့်မှုမှာ ပုံမှန်မဟုတ်ဘဲ လိုအပ်သောအခါ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် အမှတ် (၂) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးချုပ် Asaduzzaman Chowdhury ပြောသည်။

မြန်မာဘက်က လွန်ခဲ့သော ကြာသပတေးနေ့က နယ်စပ် အခြေအနေ တင်းမာနေချိန်တွင် မိုးပေါ်သို့ သေနတ်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင် အစည်းအဝေး ပြုလုပ်ခဲ့သည်။ ၎င်းအစည်းအဝေးတွင် ယခုလို နတ်မြစ်အတွင်း နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ ပူးတွဲကင်းလှည့်ရန် သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။