English News
  •   ရှမ်းမြောက် တရုတ်နယ်စပ်တွင် ၂၀-၁၁-၂၀၁၆နေ့ကမြောက်ပိုင်းမဟာမိတ်အဖွဲ့တိုက်ခိုက်၍ ၉ ဦးသေ၊ ၂၉ ဦးဒဏ်ရာရ။

(၁၃၇) နှစ်မြောက် ဆရာတော်ဦးဥတ္တမမွေနေ့ အခမ်းအနား စစ်တွေတွင်ပြုလုပ်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဒီဇင်ဘာ ၂၉

15698143_1386575248021215_1894799762854902187_n

(၁၃၇) နှစ်မြောက် ဆရာတော်ဦးဥတ္တမမွေးနေ့ အခမ်းအနားတစ်ခုကို ဆရာတော်၏ မွေးဖွားရာဇာတိ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့နှင့် အမျိုးသားရေးနိုင်နိုင်တို့က ပူပေါင်း၍ ပြုလုပ်ခဲ့ကြသည်။

ယင်းအခမ်းအနားကို စစ်တွေမြို့ ဦးတ္တမပန်းခြံရှိ ဆရာတော်၏ ကြေးရုပ်ထုတွင် ဆီမီးထွန်းညှိကာ ရခိုင်မင်္ဂလာ စည်တော်တီး၍ ပူဇော်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဆရာတော်ဦးဥတ္တမမွေးနေ့ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကတော့ ဆရာတော်ရဲ့ မွေးနေ့ကို ရခိုင်မျိုးဆက်သစ်တွေ၊ အဖွဲ့အစည်းတွေ သိရှိစေဖို့ရယ်၊ ဆရာတော်ရဲ့ ကျေးဇူးတရားကို သိတတ်တဲ့ အနေနဲ့ရယ်၊ နောက်ပြီး ဆရာတော်လို စိတ်ဓါတ်ရှိတဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဆုတောင်းပြီးတော့ ပြုလုပ်ရခြင်းဖြစ်ပါတယ် ”ဟု ဆရာတော် ဦးဥတ္တမမွေးနေ့ကို ဦးဆောင်ကျင်းပခဲ့သူ အမျိုးသားရေးနိုင်နိုင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံလက်ရှိအစိုးရက ကျေးဇူးတရားမသိတတ်၍ ဆရာတော်ဦးဥတ္တမမွေးနေ့ကို ဖော်ထုတ်ပြီး ပြုလုပ်နေရခြင်းဖြစ်ကြောင်း၊ အစိုးရက ဆရာတော်၏ ကျေးဇူးကို နားလည်သိတတ်လာပါက ဆရာတော်၏ မွေးနေ့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ် ပေးစေလိုသည်ဟု ဆိုသည်။

“အစတုန်းကတော့ ဆရာတော်မွေးနေ့ ပြုလုပ်ဖို့ရှိတယ်ဆိုတာကို မကြားမိပါဘူး။ ကြားတာနဲ့ ဆရာအစီအစဉ်နဲ့ လာတာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ကတော့ ဒီလိုနေ့တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးစေလိုပါတယ်။ ရခိုင်တစ်ပြည်လုံးအတိုင်းအတာနဲ့ လူအများနဲ့ စည်စည်ကားကား ပြုလုပ်ပေးစေလိုပါတယ်”ဟု အခမ်းအနားသို့ တက်ရောက်လာသူ သင်္ချာအထူးပြု နောက်ဆုံးနှစ်ကျောင်းသူဖြစ်ပြီး Creative Garden တွင် အင်္ဂလိပ်စာ လေ့လာနေသူ မမြတ်ခင်မာဌေးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

Creative Garden ကျောင်းတွင် အင်္ဂလိပ်စာကို သင်ပြပေးနေသူ ဆရာ ကိုနေမင်းသူရိန်ကလည်း ဆရာတော်ဦးဥတ္တမမွေးနေ့ကို ရခိုင်တစ်ပြည်နယ်လုံးနှင့် မြန်မာတစ်နိုင်ငံအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေလို၍ ဆရာတော်ဦးဥတ္တမမွေးနေ့ပွဲ အခမ်းအနားကို လာရောက် ပူးပေါင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

 

ယနေ့နံနက် ၆ နာရီခွဲကလည်း ဆရာတော်ဦးဥတ္တမမွေးနေ့တွင် ရက္ခိုင့်အလင်းတံခါး တက်ကြွ လှုပ်ရှားသူများအဖွဲ့နှင့် အမျိုးသားရေးနိုင်နိုင်တို့က စစ်တွေမြို့ရှိ စစ်ကဲတော်မင်း ဘုန်းတော်ကြီးကျောင်းတွင် သံဃာအပါး ၃၀ ကျော်ကို ရခိုင်မုန့်တီဖြင့် အာရုဏ်ဆွမ်း ကပ်လှူခဲ့ကြသည်။

ကိုနိုင်နိုင်အနေဖြင့် ဆရာတော်ဦးဥတ္တမမွေးနေ့ကို ဦးဥတ္တမပန်းခြံတွင် ၃ ကြိမ်၊ စစ်တွေ ထောင်ထဲတွင် တစ်ကြိမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၃ ကြိမ် စုစုပေါင်း ၇ ကြိမ်ပြုလုပ်ခဲ့ပြီဟု သိရှိရသည်။

ဆရာတော်ဦးဥတ္တမကို ၁၈၆၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့ ရူပရပ်ကွက်တွင် မွေးဖွားခဲ့ပြီး၊ ဆရာတော်သည် မြန်မာနိုင်ငံလွတ်ရေးအတွက် နိုင်ငံရေးမျိုးစေ့ကို ချပေးခဲ့သည့် ကျေးဇူးရှင် အာဇာနည်ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။