English News

(၂၉) ကြိမ်မြောက် မလေးရှား ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ရခိုင်ပြည်နယ်မှ အားကစားသမား ၁၄ ဦး

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ သြဂုတ် ၈

20621268_1610411688970902_3207288824593140097_n

မလေးရှားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် သြဂုတ်လ ၁၉ ရက်မှ ၃၀ ရက်နေ့ထိ လက်ခံကျင်းပမည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းစ်သို့ မြန်မာနိုင်ငံမှ လက်ရွေးစင် အားကစားသမား ၃၈၄ ဦး စေလွှတ်မည် ဖြစ်ရာ ၎င်းအထဲတွင် ရခိုင်ပြည်နယ်မှ အားကစားသမား ၁၄ ဦးပါဝင်သည်ဟု ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တစ်ဆင့် သိရသည်။

ရခိုင်ပြည်နယ်မှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားများမှာ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ တိုက်ကွန်ဒို၊ ကရာတေးဒို၊ မြှားပစ်၊ ခရစ်ကတ်၊ Squash နှင့် (စက်ဘီးစီး၊ ရေကူး၊ အပြေး) သုံးမျိုးစုံ အားကစားတို့ဖြစ်ကြောင်း သိရသည်။

ဘောလုံးတွင် မောင်ခင်ကျော်ဝင်း (ကျောက်ဖြူ)၊ အမျိုးသား ဘောလီဘောတွင် မောင်အောင်မြတ်ထွန်း (စစ်တွေ) နှင့် အမျိုးသမီးဘောလီဘောအသင်းတွင် မဥမ္မာသန်း (စစ်တွေ)၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မောင်အောင်မျိုးဆွေ (ကျောက်တော်)၊ မောင်အောင်မျိုးနိုင် (မြေပုံ) နှင့် မအေးအေးသန်း ကျောက်တော်၊ ဂျူဒိုပြိုင်ပွဲတွင် မဖြိုးရွှေစင်ကျော် ၇၀ ကီလိုတန်း (သံတွဲ)၊ တိုက်ကွန်ဒို နှင့် ကရာတေးဒို ပြိုင်ပွဲတွင် မောင်ဇော်လင်းထက် ၅၄ ကီလိုတန်း၊ မြှားပစ်တွင် မောင်ငြိမ်းစည်သူ (မြောက်ဦး) နှင့် မစုစုလှိုင် (ကျောက်ဖြူ)၊ ခရစ်ကတ်တွင် မောင်မျိုးထက်ထွန်း (အမ်း)နှင့် မထွေးနှောင်း (စစ်တွေ)၊ Squash တွင် မသန်းသန်းစိုး (ပုဏ္ဏားကျွန်း) နှင့် (စက်ဘီးစီး၊ ရေကူး၊ အပြေး) သုံးမျိုးစုံပြိုင်ပွဲတွင် မောင်ကျော်ထက်အောင် (သံတွဲ) တို့ဖြစ်ကြောင်း သိရသည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အားကစားသမားများ စေလွှတ်ရာတွင် ရခိုင်ပြည်နယ်မှ ၂၇ ကြိမ်မြောက် တွင် ၇ ဦးနှင့် ၂၈ ကြိမ်မြောက်တွင် ၉ ဦးပါဝင်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပေါင်းစုံပြိုင်ပွဲတွင် ရခိုင်ပြည်နယ်သည် ယခု လက်ရှိတွင် အဆင့် ၈ နေရာတွင် ရောက်ရှိ နေပြီး၊ မြန်မာ့လက်ရွေးစင် အားကစားသမားများ မွေးထုတ်ရာတွင် အဆင့် ၅ ရှိသည်ဟု ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။

မလေးရှား ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် အားကစားနည်း ၂၉ မျိုးတွင် ကစားသမား ၃၈၄ ဦး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။