English News

(၆၉) နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့တွင် ရခိုင်လှုမှုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို ပြခန်းများ၌ ပထမဆုံးအကြိမ် ပြသခွင့်ရ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇန်န၀ါရီ ၅

15894396_1392700277408712_6734306502707178343_n

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်သော ၆၉ နှစ်မြောက် မြန်မာနိုင်ငံ လွတ်ရေးနေ့တွင် ရခိုင်လူမှုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို ပြခန်း၌ ပထမဆုံးအကြိမ်အဖြစ် စစ်တွေမြို့တွင် ပြသခွင့်ရရှိခဲ့သည်ဟု သိရသည်။

“လွတ်လပ်ရေးနေ့ မှာ ဌာနဆိုင်ရာ ပြခန်းခန်းတွေကို ပြသထားတဲ့အထဲမှာ စစ်တွေမြို့ပေါ်က ရခိုင်လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ပြခန်းတစ်ခုအနေနဲ့ ပြသခွင့် ရရှိခဲ့ပါတယ်။ ဒါပထမဆုံးအကြိမ် ပြသခွင့်ရရှိတာပါ။ ဒီလိုမျိုးပြခန်းပြုလုပ်ပေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရက လူမှုအဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဆွေးနွေးပြီး စီစဉ်ခဲ့တာဖြစ်ပါတယ်” ဟု ရက္ခမဏ္ဍိုင် စည်တော်ဝိုင်းမှ လူငယ်ခေါင်းဆောင် ဦးလှဝင်းက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

လူမှုအဖွဲ့အစည်းများ လှုပ်ရှားမှုပြခန်းတွင် ရခိုင်မင်္ဂလာစည်တော်ကို ပြသခွင့်ရသည့်အတွက် အထူး ၀မ်းသာကြောင်း သူကပြောသည်။

ယင်းပြခန်းတွင် လူမှုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို ပြသကြရန် ဖိတ်စာပေးပြီး ဖိတ်ခေါ်ခဲ့သော်လည်း အချိန် ၃ ရက်ခန့်သာ ရရှိသဖြင့် အဖွဲ့အစည်း ၂၅ ဖွဲ့ကသာ လာရောက်ပြသခဲ့ကြသည်ဟု ဆိုသည်။

လာရောက်ပြသခဲ့ကြသော လှုမှုအဖွဲ့အစည်းများမှာ ရွှေကရုဏာဆေးခန်း၊ ABC ကလေး သူငယ်ပြုစုစောင့်ရှောက်ရေး ဖောင်ဒေရှင်း၊ စစ်တွေနာရေးကူညီမှုအသင်း၊ စိမ်းပြာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ ဘုရားကြီးနှင့် ဧစေတီသန့်ရှင်းရေးအသင်း၊ မိုးစဲကျွန်း သာရေး နာရေးအသင်း (စစ်တွေ)၊ ရသေ့တောင်မြို့နယ်အသင်း (စစ်တွေ)၊ မင်းပြားမြို့နယ်အသင်း (စစ်တွေ)၊ မရမာကြီးတိုင်းရင်းသား မဟာဗောဓိလူမှုရေးအသင်း၊ ရိုးမအလင်း တက္ကသိုလ် ၀င်တန်း(အခမဲ့) ပညာသင်ကျောင်း၊ သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့၊ ရက္ခပူရ သာသနာလင်္ကာရအသင်း၊ ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအသင်း၊ အလင်းတံခါး စာကြည့်တိုက်၊ မြို့လုံးကျွန် သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီ၊ မျိုးမြတ်သာဂီ ရခိုင်စည်အဖွဲ့၊ ဓါနမိတ်ဆွေအဖွဲ့၊ အဝေးသင်တက္ကသိုလ်စေတနာသင်တန်းနှင့် ရက္ခမဏ္ဍိုင် စည်တော်ဝိုင်းတို့ အပါအ၀င် အဖွဲ့ ၂၅ ဖွဲ့ ဖြစ်သည်။

ယင်းအပြင် ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းမှ ရက္ကန်းရက်လုပ်ခြင်းကို ပြခန်းတစ်ခုတွင် ပြသထားပြီး ယင်းလုပ်ငန်းမှ ထွက်ရှိသော ရခိုင်ရိုးရာ လုံချည်နှင့် ထဘီများကိုလည်း ရောင်းချနေသည်ကို တွေ့ရှိရသည်။

15823358_1392700167408723_6800876101649192636_n

ယင်းပြခန်းတွင် ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းမှ အလုပ်သမ မမေသန္တလှိုင်က ရက္ကန်းရက်လုပ်ယင်း “ကျွန်မက ကျားမသောက် ဇာတိပါ။ ဆရာက အကွက်ဖေါ်ပေးတာကို ရက်လုပ်တာပါ။ ဒီလုပ်ငန်းမှာ လုပ်တာ ၂ နှစ်ရှိပါပြီ”ဟု ပြောသည်။

ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းကို စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာတွင် ဖွင့်လှစ်ထားပြီး စက်ရက္ကန်း ၂ ခုနှင့် လက်ရက္ကန်း ၂၆ စုံရှိပြီး အလုပ်သမား ၃၀ ကျော်ရှိကာ အလုပ်သမားတစ်ဦး၏ ၀င်ငွေသည် ၄၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်အကြားတွင်ရှိသည်ဟု လုပ်ငန်းပိုင်ရှင် ဒေါ်မအေးက ပြောသည်။

လွတ်လပ်ရေးနေ့ ပြခန်းများကို ရခိုင်ပြည်နယ် စစ်တွေမြို့ ၀င်္ကဘာကွင်းတွင် ပြသထားပြီး ဌာနဆိုင်ရာ ပြခန်းများနှင့် အခြားပြခန်းများကို ပြသထားကာ နံနက် ၉ နာရီခွဲခန့်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်းကြီးချုပ် ဦးညီပုနှင့် ၀န်ကြီးများ၊ စစ်တွေ ဒကစမှူးတို့က ပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။

ပြခန်းများကို ဇန်န၀ါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ ခင်းကျင်းပြသခဲ့သည်ဟု သိရသည်။

15871809_1392700344075372_4970507283373645391_n

ယင်းအပြင် ဌာနဆိုင်ရာ အမျိုးသား၊ အမျိုးသမီး လွန်ဆွဲပွဲဗိုလ်လုပွဲများနှင့် ချောတိုင် တက်ပွဲ ကိုလည်း ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။

ယနေ့နံနက် ၇ နာရီအချိန်ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဝေသာလီ အားကစားကွင်းတွင် ၆၉ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို အခမ်းအနားဖြင့် ကျင်းပခဲ့သည်ဟု သိရှိရသည်။