English News

(၇)ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ဧပြီလ ၂၇ ရက်နေ့တွင် ဘူးသီးတောင်၌ ကျင်းပမည်

နိရဉ္စရာ၊ ဧပြီ ၁၉

18009990_1499203970091675_3599578736648466651_n

ရခိုင်မျိုးနွယ်စုဝင် လူမျိုးစုတစ်ခု ဖြစ်သော ခမီလူမျိုးတို့၏ အမျိုးသားနေ့ကို လာမည့် ဧပြီလ ၂၇ ရက်နေ့တွင် ဘူးသီးတောင်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

“ ကျွန်တော်တို့ ဒီအကြိမ်က ခုနှစ်ကြိမ်မြောက် ခမီအမျိုးသားနေ့ ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့ပေါ်မှာကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ရိုးရာ အကတွေ အပြင် ဟောပြောပွဲတွေလည်း ထည့်သွင်းကျင်းပသွားဖို့ စီစဉ်ထားပါတယ်” ဟု ခမီအမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးလယ်ကျော်အောင်က နိရဉ္စရာသို့ ပြောကြားသည်။

(၇) ကြိမ်မြောက် ခမီအမျိုးသားနေ့သို့ ရခိုင်ပြည်နယ် တစ်ဝန်းလုံးရှိ ခမီအမျိုးသားများကို ဖိတ်ကြားထားသည်သာမက ရခိုင်အမျိုးသား ခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားကြောင်း၊ ရခိုင်ပြည်နယ် အစိုးရ၊ ခရိုင် မြို့နယ် အဆင့် တာဝန်ရှိသူများကိုလည်း ဖိတ်ကြားထားကြောင်း သူက ဆက်လက် ပြောကြားသည်။

“ အဓိက ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ခမီအမျိုးသားတွေ စုစုစည်းစည်းနဲ့ ခမီအမျိုးသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေကို ဖော်ထုတ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ ခမီလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တိုးတက်မြှင့်မားဖို့ ရည်ရွယ်ပါတယ်” ဟု ပြောကြားသည်။

၂၀၁၆ ခုနှစ်က ကျရောက်သော ခြောက်ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ပေါက်တောမြို့နယ် ညောင်ပင်ချိုင်ကျေးရွာတွင် ကျင်းပခဲ့ပြီး အထူးစည်ကားခဲ့သည်ဟု သိရသည်။

ပဉ္စမ အကြိမ်မြောက် ခမီအမျိုးသားနေ့ကို မြောက်ဦးမြို့နယ် နားဒင်တွင်လည်းကောင်း၊ စတုတ္ထအကြိမ်မြောက် ခမီအမျိုးသားနေ့ကို မြောက်ဦးမြို့နယ် ပျားတဲတွင်လည်းကောင်း၊ တတိယ အကြိမ်မြောက် ခမီအမျိုးသားနေ့ကို ပုဏ္ဍာကျွန်းမြို့နယ် ခမီကြိမ်ချောင်းတွင်လည်းကောင်း၊ ဒုတိယ အကြိမ်မြောက် ခမီအမျိုးသားနေ့ကို မြောက်ဦးမြို့နယ် ဓမ္မရွာ (၁) တွင်လည်းကောင်၊ ပထမဆုံး အကြိမ် ခမီအမျိုးသားနေ့ကို ဓမ္မရွာ (၂) တွင်လည်းကောင်း ကျင်းပခဲ့ကြောင်း သိရှိရသည်။

(ဓာတ်ပုံ- ခမီတိုင်းရင်းသားညီညွတ်ရေးပို့စ်/ ဦးထွန်းလှိုင်)