Advertising
English News

ကြားဖြတ်ရွေးကောက်ပွဲ၌ သားဖြစ်သူကို မဲမပေးကြလျှင် နိုင်ငံရေးလောကတွင် နေကိုမနေတော့ဟု ဒေါက်တာအေးမောင်ဆို

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၁၄

41678502_2097016743643725_280639184664788992_n

လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ သားဖြစ်သူကို ရသေ့တောင်ဒေသခံများမဲမပေးကြလျှင် နိုင်ငံရေးလောကတွင် နေကို မနေတော့ဟု ဒေါက်တာအေးမောင်က ပြောသည်။

“ရသေ့တောင်နဲ့ပတ်သက်လို့ ကျွန်တော်ရဲ့ သားက တော်တော်အခြေအနေကောင်းနေတယ်လို့ ကြားပါတယ်။ အဲဒီတော့ ရသေ့တောင်မှာ ကျွန်တော်သားကို ကျွန်တော် ဇာတိမို့လို့ ကျွန်တော် ပြိုင်ခိုင်းတယ်။ ကျွန်တော်သားကို ရသေ့တောင်ပြည်သူလူထုက မဲမပေးခဲ့ဘူးဆိုရင် ကျနော် နိုင်ငံရေးလောကက ထွက်မယ်။ ရခိုင့်နိုင်ငံရေးလောကမှာ ကျွန်တော် နေကိုမနေတော့ဘူး” ဟု ဒေါက်တာအေးမောင်က စက်တင်ဘာလ ၁၄ ရက်နေ့ရုံးထုတ်အပြီးတွင် သတင်းထောက်များကို ပြောခဲ့သည်။

၎င်းပြင်သူက ” ကျွန်တော်ကိုယ်စား ကျွန်တော်သားက မဲပြိုင်ဖို့တာဝန်ရှိတယ်။ တာဝန်ပေးထားတယ်။ သွားပြိုင်ပါ။ အဲဒါမျိုး ကျွန်တော် တာဝန်ပေးထားတာပါ” ဟု ပြောဆိုသည်။

ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်းသည် ကြားဖြတ် ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် လစ်လပ် ပြည်နယ် လွှတ်တော် နေရာအတွက် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိတွင် သူ၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။

“လက်ရှိမှာတော့ ဒေါက်တာအေးမောင်သားနဲ့ ရခိုင်အမျိုးသားပါတီက ဦးမောင်လှမြင့်တို့ ထောက်ခံမှု အားကောင်းနေပါတယ်။ မြို့ပေါ်မှာတော့ နှစ်ယောက်လုံး ထောက်ခံမှု ၅ဝ – ၅ဝ ဖြစ်နေကြတယ်”ဟုလည်း ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။

ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်းသည် ရွေးကောက်ပွဲကော်မရှင်က ပါတီ တည်ထောင်ရန် ခွင့်ပြုချက် မပေးသည့် အဖရခိုင်အမည်ရှိ ပါတီသစ်အား ထူထောင် ရာတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သူ တစ်ဦးဖြစ်သည်။

၎င်းအဖရခိုင်ပါတီကို သူ၏ ဦးဆောင်မှုဖြင့် ထူထောင်ထားခြင်းဖြစ်သည်ဟုလည်း ဒေါက်တာအေးမာင်က ပြောဆိုခဲ့သည်။